လုပ်ကြံ ခံခဲ့ရတဲ့ ရုရှား သံအမတ်ရဲ့ အသုဘ အခမ်းအနား ကျင်းပ

ရုရှား သံအမတ် တူရကီ
ဓာတ်ပုံ ပုံစာ,

အန်ဒေရ ကားလော့ဗ်ကို ရုရှားရဲ့ သူရဲကောင်း ဆိုတဲ့ ဂုဏ်ပြု ဘွဲ့ ချီးမြှင့်

တူရကီ နိုင်ငံ အင်ကာရာ မြို့တော်မှာ ပြီးခဲ့တဲ့ ၃ ရက်က လုပ်ကြံ သတ်ဖြတ် ခံခဲ့ ရတဲ့ တူရကီ ဆိုင်ရာ ရုရှား သံအမတ် အန်ဒရေ ကားလော့ဗ် ရဲ့ စျာပန အခမ်းအနား ကို မော်စကို မြို့တော်မှာ ကျင်းပ ခဲ့ပြီ ဖြစ်ပါတယ်။

ကျန်ရစ်သူ မိသားစုဝင် တွေ နဲ့အတူ၊ နိုင်ငံရေးနဲ့ သံတမန် အသိုင်းအဝိုင်းက သူတွေ တက်ရောက် ခဲ့ကြတဲ့ အခမ်းအနားကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က ဦးဆောင် ကျင်းပ ခဲ့တာ ဖြစ်ပြီး၊ တက်ရောက် လာကြသူတွေက မစ္စတာ ကားလော့ဗ် ရဲ့ ရုပ်အလောင်း ထည့်ထားရာ ခေါင်းတလား ဘေးမှာ အမှတ်တရ နှင်းဆီ ပန်းတွေ ချနေတာကို တွေ့ရပါတယ်။

ကွယ်လွန်သူ သံအမတ်ကြီး အန်ဒေရ ကားလော့ဗ်ကို ရုရှားရဲ့ သူရဲကောင်း ဆိုတဲ့ ဂုဏ်ပြု ဘွဲ့ ချီးမြှင့် ဖို့ သမ္မတ ပူတင်က ဆုံးဖြတ် ခဲ့တာ နဲ့ အညီ တရားဝင် အခမ်းအနားတွေ ပြုလုပ် သွားဖို့ နိုင်ငံခြားရေး ဌာနက ပြင်ဆင် ထားတယ်လို့ ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဖ် က ပြောပါတယ်။

ဒီ စျာပနပွဲ မတိုင်ခင် နိုင်ငံခြားရေး ဝန်ကြီးရုံးမှာ ပြုလုပ်ခဲ့တဲ့ သီးသန့် အခမ်းအနားကို သမ္မတ ဗလာဒီမီယာ ပူတင် ကိုယ်တိုင် တက်ရောက် ခဲ့ပါတယ်။

မစ္စတာ ကားလော့ဗ်ရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ အင်္ဂါ နေ့ကပဲ ရုရှား အမိမြေကို ပြန်လည် သယ်ဆောင် လာခဲ့ပြီး အခုလို နိုင်ငံတော် အဆင့် စျာပန ပြုလုပ် ပေးခဲ့တာ ဖြစ်ပါတယ်။

သံအမတ်ကြီး ရဲ့ ရုပ်အလောင်းကို ရုရှားကို ပြန်ပို့ တုန်းကလည်း တူရကီ ဘက်က တရားဝင် အခမ်းအနားနဲ့ လေဆိပ်အထိ ဂုဏ်ပြု ပို့ဆောင် ခဲ့ကြပါတယ်။

ရုရှား အော်သိုဒေါ့စ် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါး ကလည်း အစဉ်အလာတိုင်း ခေါင်းတလားပေါ် အမွှေးတိုင် အိုး ဝှေ့ရမ်းပြီး ဆုတောင်းစာ တွေ ရွတ်ဖတ် သရဇ္စျာယ် ပေးခဲ့တဲ့ အတွက် ဒါဟာ တူရကီလို မွတ်ဆလင် တိုင်းပြည်မှာ အင်မတန် တွေရခဲတဲ့ မြင်ကွင်း ပဲလို့ အဲဒီမှာ ရှိနေခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အင်ကာရာမြို့မှာ မစ္စတာ ကားလော့ဗ်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ တူရကီ ရဲ အမှုထမ်း မယ်ဗလု(ထ) မယ်ရဲထ့် အယ်လ်တင်တက်ရှ် ဆိုသူဟာ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ တစ်ခုခုနဲ့ အဆက်အစပ် ရှိနေသလား ဆိုတာကို ကွဲကွဲပြားပြား မသိရ သေးပါဘူး။

အဲဒီ သေနတ် သမားဟာ မစ္စတာ ကားလော့ဗ်ကို ပစ်ခတ်ခဲ့ အပြီးမှာ၊ အလက်ပို ကို မမေ့ကြနဲ့ ဆိုပြီး အော်ဟစ် ခဲ့တဲ့ အပြင်၊ "ဘုရားသခင်ဟာ ကြီးကျယ် မြင့်မြတ်တယ်" လို့လည်း အာရပ် ဘာသာစကားနဲ့ ကြွေးကြော် ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရုရှားနဲ့ တူရကီ အကြား သံခင်းတမန်ခင်း ဆက်ဆံရေးတွေ ပြတ်တောက် သွားလိမ့် မလား ဆိုပြီး စိုးရိမ် ခဲ့ကြ ရပေမယ့် နှစ်နိုင်ငံစလုံး ကတော့ မိတ်ဆွေ နိုင်ငံတွေ အဖြစ် ဆက်လက် တည်ရှိ နေမယ် ဆိုတဲ့ အပေါ် အလေးထား ပြောနေကြသလို၊ ဒီ ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ကြိုးကိုင် စီမံတဲ့သူ ရှိလား ဆိုတာကို ပူးပေါင်း ဖော်ထုတ် သွားမယ်လို့ ကတိပြု ပြောထားပါတယ်။