ကန် ရဲ့ နျူ လက်နက် အင်အား တိုးချဲ့ဖို့ လုပ်ရမယ်လို့ ထရမ့် ပြောကြား

ဓာတ်ပုံ ရင်းမြစ်, AP
လက်ရှိ သမ္မတ အိုဘားမား ရဲ့ နိုင်ငံရေး မူဝါဒ နဲ့ အကြီးအကျယ် ဆန့်ကျင် နေ
အမေရိကန် ရဲ့ နျူကလီးယား အင်အား ကို ထပ်မံ ထိုးချဲ့ဖို့ မဖြစ်မနေ ဆောင်ရွက် ရမယ်လို့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် က ပြောဆို လိုက်ပါတယ်။
နျူကလီးယား နဲ့ ပတ်သက်ပြီး ကမ္ဘာ တစ်ဝှန်း က သိရှိ နားလည် လာတဲ့ အထိ အမေရိကန် က နျူကလီးယား လက်နက် တွေကို တည်ဆောက် ရမယ်လို့ ဒေါ်နယ် ထရမ့် က လူမှုကွန်ရက် စာမျက်နှာမှာ ပြောကြား ခဲ့တာပါ။
နျူကလီးယား အင်အား တိုးချဲ့ဖို့ ဒေါ်နယ် ထရမ့် ရဲ့ ထုတ်ဖော် ရေးသားချက် ဟာ အကြမ်းဖက် အဖွဲ့အစည်းတွေ နဲ့ ကမ္ဘာပေါ် က အာဏာရှင် အစိုးရ တွေ က နျူကလီးယား နည်းပညာ တိုးတက်မှုတွေ ရှိနေပြီး၊ နျူ လက်နက် တွေနဲ့ ခြိမ်းခြောက် မှုတွေ ရှိနေတာကို ရည်ညွှန်း ပြောဆို တာလို့ သူ့ရဲ့ သမ္မတ ရာထူး တာဝန် လွှဲပြောင်းရေး အဖွဲ့ က ပြောပါတယ်။
ဒေါ်နယ် ထရမ့် ရဲ့ ရေးသား ချက်ဟာ လက်ရှိ သမ္မတ အိုဘားမား ရဲ့ နိုင်ငံရေး မူဝါဒ နဲ့ အကြီးအကျယ် ဆန့်ကျင် နေတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် နေပါတယ်။
ရုရှ စစ်တပ် ရဲ့ နျူကလီးယား အင်အား တိုးချဲ့ဖို့ အစီအမံ ကို သမ္မတ ဗလာဒီမီယာ ပူတင်က ထောက်ခံမှု ပေးခဲ့ပြီးနောက်မှာ အမေရိကန် သမ္မတ က နျူလက်နက် အကြောင်း ထုတ်ဖော် ပြောကြားလာတာလည်း ဖြစ်ပါတယ်။
အမေရိကန်မှာ နျူလက်နက် ၇၁၀၀ ရှိနိုင်ပြီး ရုရှ မှာတော့ ၇၃၀၀ ရှိတယ်လို့ လွတ်လပ်တဲ့ အမေရိကန် လက်နက် ထိန်းချုပ်မှု ဆိုင်ရာ အဖွဲ့ကြီး ရဲ့ တွက်ချက်မှု တွေ အရ သိရပါတယ်။