အလက်ပို ကို ထိန်းချုပ် နိုင်ပြီလို့ ဆီးရီးယား အစိုးရ ကြေညာ

ဆီးရီးယား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

စစ်တပ် လိုလားသူတွေ မြို့တွင်းမှာ လှည့်လည် အောင်ပွဲခံ

ဆီးရီးယား နိုင်ငံ အလက်ပို မြို့မှာ နောက်ဆုံး ကျန်တဲ့ သူပုန်တွေ နဲ့ အရပ်သား တွေ ကို ကယ်ထုတ် ခဲ့ပြီးနောက်မှာ အလက်ပို မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ပြီ လို့ နိုင်ငံ ပိုင် သတင်းဌာန တွေမှာ အစိုးရက ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ဆီးရီးယား ရဲ့ ဒုတိယ မြို့တော် ကို အကြမ်းဖက် သမားတွေ လက်ကနေ ပြန်လည် ကယ်တင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း အစိုးရ စစ်တပ် တာဝန်ရှိသူတွေက ပြောကြား နေပါတယ်။

အလက်ပို မြို့က လမ်းတွေပေါ်မှာ လူတွေက ဆီးရီးယား အလံတွေ ဝှေ့ယမ်းပြီး အောင်ပွဲ ခံနေကြ ပြီး သမ္မတ အာဆတ် အစိုးရ က ထောက်ခံတဲ့ ကြွေးကြော် သံတွေ အော်ဟစ် နေတာကို နိုင်ငံပိုင် သတင်း ဌာန တွေမှာ ထုတ်လွှင့် နေပါတယ်။

အလက်ပို မြို့ကို ပြန်လည် သိမ်းပိုက် နိုင်မှု က ခြောက်နှစ်ကြာ ဖြစ်ပွား ခဲ့တဲ့ ဆီးရီးယား ပြည်တွင်း စစ် က အစိုးရ တပ်ရဲ့ အကြီးမား ဆုံး အောင်ပွဲလည်း ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြန်လည် စတင်ဖို့ အကောင်းဆုံး အချိန် ဖြစ်တယ်လို့ ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ပြောကြား နေပါတယ်။  

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း မှာတော့ အစ္စလမ်မစ် နိုင်ငံ IS အဖွဲ့က ထိန်းချုပ် ထားတဲ့ အယ်လ်ဘတ် မြို့ကို တူရကီ က လေကြောင်း ကနေ တိုက်ခိုက်မှု လုပ်ခဲ့ရာမှာ အရပ်သား ၅၀ လောက် သေဆုံး သွားတယ်လို့ ဆီးရီးယား အရေး လုပ်ရှား သူတွေက ပြောပါတယ်။

အယ်လ် ဘတ် မြို့ က လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံး ခဲ့သူတွေ ထဲမှာ ကလေး ၁၄ ယောက် နဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆီးရီးယား အရေး လှုပ်ရှား သူတွေက ဆိုပါတယ်။

အယ်လ် ဘတ် မြို့မှာ IS အဖွဲ့နဲ့ တူရကီ စစ်တပ် တို့ အပြင်းအထန် တိုက်ပွဲ ဖြစ်နေတာ ၂ ပတ်ကျော်ခန့် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ မှာ ဆီးရီးယား ပြည်တွင်း စစ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ တူရကီ နိုင်ငံ အနေနဲ့ အယ်လ် ဘတ်မြို့မှာ စစ်သား ၁၄ ယောက် ကျဆုံး ခဲ့ပြီး ဒါဟာ စစ်ပွဲကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တူရကီ အတွက် စစ်သည် အင်အား အများအပြား ကျဆုံးခဲ့ရ မှုလည်း ဖြစ်ပါတယ်။