ထရမ့်ရဲ့အမေရိကန် နဲ့ တရုတ် တို့ ကုန်သွယ်ရေးအချင်းများလာလေမလား

trump
ဓာတ်ပုံ ပုံစာ,

တရုတ်ကုန်သွယ်ရေး က ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး ခေါင်းစဉ်တခုဖြစ်ခဲ့

အမေရိကန် နိုင်ငံ ရဲ့ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က ဒေါက်တာ ပီတာ နဗာရို ကို အမျိုးသား ကုန်သွယ်ရေး ကောင်စီမှာ ခန့်ဖို့ လျာထားလိုက်ပြီးတော့ သူ့ကို ကုန်သွယ်ရေး ဆိုင်ရာ ပေါ်လစီတွေ မှာ ရှေ့ဆောင် စေမှာပါ။

မစ္စတာ နဗာရိုဟာ ပီအိတ်ချဒီ ဘွဲ့ ရဖြစ်တယ်၊ ဟားဗတ်က ကျောင်းဆင်းလာတဲ့ စီးပွားရေး ပညာရှင်ပါ။

ဒါပေမယ့် သူ့ရဲ့ တရုတ်နဲ့ ပတ်သက်တဲ့ အမြင်တွေ က တော့ အတော်ပြင်းပါတယ်။

သူရေးတဲ့ တရုတ်ကြောင့် သေရခြင်း Death by China ဆိုတဲ့ စာအုပ် ကိုအခြေခံထားတဲ့ ဗီဒီယို မှတ်တမ်းကား မှာဆိုရင် တရုတ်ရဲ့ စီးပွားရေး တိုးတက်လာမှုတွေ ကြောင့် အမေရိကန် က ကုန်ထုတ်လုပ်ငန်းတွေ အကြီးအကျယ် ကျဆင်းနေတာ၊ တရုတ် ကုန်ထုတ်လုပ်ငန်းတွေ ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေ တာတွေ ကို ထောက်ပြ ထားသလို အမေရိကန် တို့ရဲ့ ကိုယ့်မိသားစု ကိုယ် ကာကွယ်နိုင်ဖို့အတွက် တရုတ် ကထုတ်တဲ့ ပစ္စည်းတွေ မဝယ် ကြနဲ့လို့ တောင် တိုက်တွန်း ထားပါတယ်။

မစ္စတာ ထရမ့်ကိုယ်တိုင်ကလည်း တရုတ်က ယွမ်ငွေကို စျေးချထားတာကြောင့် အမေရိကန်တို့အများကြီးနစ်နာ ရတာ လို့ စွပ်စွဲခဲ့တာပါ။

အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေ ပြန်ကြီးထွား ရမယ် ဆိုတာက သူ့ရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံထဲက တခုပါ။

ဒါတွေအပြင် အခုအမေရိကန် က တရုတ်ရဲ့ အလီဘာဘာ အွန်လိုင်း ရောင်းဝယ်ရေး ကို အမည်ပျက် စာရင်းသွင်းလိုက်ပါပြီ။

ပစ္စည်းအတု တွေ ကို ရောင်းဝယ်တဲ့အတွက်လို့ အကြောင်းပြပါတယ်။

အလီဘာဘာ အုပ်စု ရဲ့ ဥက္ကဌ မိုင်ကယ် အက်ဗင် က တကယ့်ကို အချက်အလက်ကို အခြေခံပြောတာလား၊ ဒါမှမဟုတ် လက်ရှိနိုင်ငံရေး ရာသီဥတု ကို မှီပြီးပြောနေတာလား ဆိုပြီး ပြန်လည် မေးခွန်းထုတ်ထားပါတယ်။

တရုတ် ကို အမြင်ပြင်းထန်တဲ့ စီးပွားရေး ပညာရှင် ရဲ့ ခြေလှမ်းတွေ ဘယ်လို ထွက်လာမလဲဆိုတာတော့ မသိရသေးပါဘူး။

တခြားစီးပွားရေး ပညာရှင် အများအပြားကတော့ အမေရိကန် က တရုတ်ကို ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ရန်လိုတဲ့ အပြုအမူတွေနဲ့ ချဉ်းကပ်မယ်ဆိုရင် တော့ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်လာနိုင်ပြီး ၂ ဘက်စလုံး ရိုက်ခတ် သက်ရောက်တာတွေ လာနိုင်တဲ့အကြောင်း ပြောနေကြပါတယ်။