ဘာလင်တိုက်ခိုက်သူကို အီတလီမှာရဲတွေ ပစ်သတ်

ဘာလင်တိုက်ခိုက်မှုအတွက် သံသယရှိခံရသူ အဲနစ် အမ်မရီ

ဓာတ်ပုံ ရင်းမြစ်, HANDOUT

ဓာတ်ပုံ ပုံစာ,

ဥရောပတလွှား အမ်မရီကို ရှာဖွေနေခဲ့

ပြီးခဲ့တဲ့ တနင်္လာနေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့က ခရစ္စမတ်စျေးတန်းထဲကို လော်ရီကားနဲ့ ဝင်တိုက်ခဲ့သူလို့ သံသယရှိခံထားရတဲ့ တူနီးရှားလူမျိုး အဲနစ် အမ်မရီဟာ မီလန်မြို့မှာ ရဲတွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားပြီလို့ အီတလီရဲတွေက ပြောပါတယ်။

သူ့ရဲ့ လက်ဗွေရာကို စစ်ဆေးကြည့်တဲ့အခါ ဘာလင်စျေးကို ဝင်တိုက်ခဲ့တဲ့ လော်ရီကားပေါ်မှာ တွေ့ရတဲ့ လက်ဗွေရာတွေနဲ့ အတူတူပဲ ဆိုတာ တွေ့ရတယ်လို့လည်း ရဲက ပြောပါတယ်။

ဒီနေ့မနက် သုံးနာရီလောက်က မီလန်မြို့ လမ်းပေါ်မှာ အမ်မရီ လမ်းလျှောက်နေတာတွေ့ရလို့ ကင်းလှည့်နေတဲ့ ရဲကားတစ်စီးက ရပ်တန့်ပြီး စစ်ဆေးချိန်မှာ အမ်မရီက သူ့ကျောပိုးအိတ်ထဲက ပစ္စတိုကို ထုတ်ပြီး စတင်ပစ်ခတ်တယ်လို့ ရဲက ပြောပါတယ်။

သူဟာ ပစ်ခတ်ရင်း အစ္စလာမ်မစ် ကြွေးကျော်သံတွေလည်း အော်ဟစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲအရာရှိတစ်ယောက်ရဲ့ ပြန်လည် ပစ်ခတ်မှုကြောင့် အမ်မရီ သေဆုံးသွားခဲ့ပါတယ်။

ပစ်ခတ်သူရဲအရာရှိလည်း ဒဏ်ရာရသွားပေမယ့် မပြင်းထန်ဘူးလို့ သိရပါတယ်။