ရုရှ စစ်လေယာဉ်ရဲ့ Black Box တစ်ခု ရှာတွေ့ပြီ

ဓာတ်ပုံ မူပိုင် EVN
Image caption ရုရှ သတင်းဌာနတစ်ခုမှာ ဖော်ပြထားတဲ့ Black Box

ပြီးခဲ့တဲ့ ခရစ္စမတ် နေ့က ပင်လယ်နက်ထဲမှာ ပျက်ကျသွားခဲ့တဲ့ ရုရှ စစ်လေယာဉ်ရဲ့ အချက်အလက် မှတ်တမ်းသိုမှီးထားတဲ့ Black Box ကို ရှာတွေ့ပြီလို့ ရုရှ အရာရှိတွေက ပြောပါတယ်။

ဒါဟာ လူ ၉၂ ဦး နဲ့အတူ ပျက်ကျခဲ့တဲ့ Tu-154 အမျိုးအစား ဂျက်လေယာဉ်က ရှာတွေ့ခဲ့တဲ့ ပထမ Black Box ဖြစ်ပါတယ်။

လေယာဉ်ဟာ ပင်လယ်နက် ကမ်းခြေရှိ ဆိုချီမြို့ အနီး လေဆိပ်က ထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့ခြင်း ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ဆီးရီးယားနိုင်ငံရောက် ရုရှ စစ်သားတွေကို ဖျော်ဖြေဖို့ လိုက်ပါလာတဲ့ အနုပညာတွေရှင်တွေနဲ့ အတူ သတင်းစာဆရာတွေ စစ်အမှုထမ်းတွေ ပါသွားခဲ့ပါတယ်။

ခရီးသည်တွေရဲ့ ရုပ်အလောင်းများ ရှာဖွေမှုကို ဆက်လက်ပြုလုပ်နေကြပြီး အခုလောလောဆယ်အထိ ရုပ်အလောင်း ၁၆ ခု ကို ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ရေဒါက ပျောက်မသွားမီ ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ ကမ်းခြေဘက်ကို ဂငယ်ကွေ့ နောက်ကြောင်းပြန်ကွေ့ခဲ့တယ်လို့ လေကြောင်း လုံခြုံရေး အဖွဲ့ တစ်ခုက ပြောပါတယ်။

ဒါပေမယ့် ရုရှ သတင်းဌာနတွေမှာ ဖွင့်ပြတဲ့ လေယာဉ်နဲ့ လေကြောင်းထိန်းသိမ်းရေး စခန်းကြား အပြန်အလှန် ဆက်သွယ်စကားပြောမှုမှာတော့ အခက်အခဲ တစ်စုံတစ်ရာ မတွေ့ရပါဘူး။

ပျောက်ဆုံးမသွားမီ အချိန်အထိ စကားပြောသံတွေဟာ တည်ငြိမ်အေးဆေးနေပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ နှစ် ၃၀ သက်တမ်းရှိပြီး အဆိုပါ အမျိုးအစားမျိုးကို အရပ်ဘက် လေကြောင်း လိုင်းတွေက သုံးစွဲခြင်း မရှိတော့ပေမယ့် စစ်တပ်မှာတော့ အသုံးပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ