တူရကီ နိုက်ကလပ်မှာ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်

ဓာတ်ပုံ မူပိုင် AP
Image caption ခရစ္စမတ်ဘိုးဘိုးကြီး စန်တာကလော့ ဝတ်စုံနဲ့ နိုက်ကလပ်ထဲ ဝင်ရောက်လာပြီး လူအုပ်ထဲကို သေနတ်နဲ့ ဝှေ့ယမ်းပစ်ခတ်

တူရကီနိုင်ငံ အီစတန်ဘူလ် မြို့ ရေးနား နိုက်ကလပ်မှာ လူအုပ်ထဲကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတဲ့အတွက် အနည်းဆုံး လူ ၃၅ ယောက်သေဆုံးသွားခဲ့ပါတယ်။ နောက်ထပ် တခြားလူ အယောက် ၄၀ လည်း ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ရဲအရာရှိ တယောက်လည်း ပါဝင်ပါတယ်။

တူရကီ ဒေသစံတော်ချိန် ၁ နာရီခွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာမို့ နှစ်သစ်ကူးအပြီး နာရီပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်သူဟာ ခရစ္စမတ်ဘိုးဘိုးကြီး စန်တာကလော့ ဝတ်စုံနဲ့ နိုက်ကလပ်ထဲ ဝင်ရောက်လာပြီး လူအုပ်ထဲကို သေနတ်နဲ့ ဝှေ့ယမ်းပစ်ခတ်သွားတာဖြစ်ပါတယ်။

အဲဒီအချိန်မှာ နိုက်ကလပ်ထဲကို လူရာဂဏန်းတချို့ရှိနေခဲ့ပါတယ်။ တချို့ကတော့ ကလပ် အနီးမှာရှိတဲ့ ဘော့စဖရပ်စ် တူးမြောင်း ထဲကို ခုန်ချလွတ်မြောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ရေးနားနိုက်ကလပ်ဟာ လူဂုဏ်တန်တွေ လာရောက်လေ့ရှိတဲ့ နိုက်ကလပ်လည်း ဖြစ်ပြီး နှစ်သစ်ကူးနေ့မို့ ခါတိုင်းထက် လူအများစည်ကားနေခဲ့တာလည်း ဖြစ်ပါတယ်။

အီစတန်ဘူလ် မြို့ကို အကြမ်းဖက်တိုက်ခိုက်နိုင်တယ်ဆိုပြီး ရဲအရာရှိပေါင်း တသောင်း ခုနစ်ထောင် တာဝန်ချပြီး လုံခြုံရေးတပ်လှန့်ထားတဲ့ ကြားက အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ပြီးနောက် အခုလို သတ်ဖြတ်မှုဟာ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့စစ်ပွဲမှာ ရုရှားဝင်ရောက်စွက်ဖက်ခဲ့တာကို လက်စားချေတုန့်ပြန်တာလို့ အော်ဟစ်ကြွေးကြော်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ