အစ္စတန်ဘူလ် နိုက်ကလပ် သေနတ်သမား လွတ်မြောက် နေ

အစ္စတန်ဘူလ် နိုက်ကလပ်
ဓာတ်ပုံ ပုံစာ,

သေနတ်သမား တစ်ယောက်တည်းက ကျုးလွန်တာလို့ တူရကီပြော

အစ္စတန်ဘူလ် မြို့က နာမည်ကြီး နိုက်ကလပ် တစ်ခုမှာ နှစ်သစ်ကူးည ပျော်ရွှင် မြူးတူး နေသူတွေကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခဲ့သူကို တူရကီရဲ တွေ ပိုက်စိတ်တိုက် ရှာဖွေ နေကြပါတယ်။

Reina ရေနာ ဆိုတဲ့ နိုက်ကလပ်ထဲ သေနတ်သမား လက်ချက်ကြောင့် လူ ၃၉ ယောက် သေဆုံး ခဲ့ရပြီး၊ အဲဒီထဲက အနည်းဆုံး ၁၅ ယောက်ဟာ နိုင်ငံ ခြားသားတွေ ဖြစ်တယ်လို့ တူရကီ ပြည်ထဲရေး ဝန်ကြီး ဆူလေမန် ဆွိုင်လူး က အတည်ပြု ပြောပါတယ်။

ဒဏ်ရာရသူ အယောက် ၇ဝ ဝန်းကျင်ကိုလည်း ဆေးရုံတင် ကုသ ပေးနေ ရပါတယ်။

သေနတ်သမား တစ်ယောက်ထက် ပိုနိုင်တယ် ဆိုပြီး အစောပိုင်းက ထွက်လာတဲ့ သတင်းတွေ ကိုတော့ ဝန်ကြီး ဆွိုင်လူးက ငြင်းပယ်ပါတယ်။

အစ္စတန်ဘူလ် နိုက်ကလပ် တိုက်ခိုက် ခံခဲ့ရတဲ့ ဖြစ်ရပ် အပေါ် နိုင်ငံတကာက ပြင်းပြင်း ထန်ထန် ရှုတ်ချ နေပါတယ်။

နှစ်သစ်ကူးပွဲ ဆင်နွှဲနေတဲ့ အရပ်သားတွေကို သတ်ဖြတ်တာလောက် ရက်စက် ကြမ်းကြုတ်တာ မရှိဘူးလို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ထိတ်လန့် ကြောက်ရွံ့စဖွယ် အကြမ်းဖက် လုပ်ရပ် ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုကလည်း ပြောပါတယ်။

တူရကီ နိုင်ငံရဲ့ ထိပ်တန်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မာမက် ဂေါမက်ဇ် ကလည်း ဒီလုပ်ရပ်ဟာ လူသား မျိုးနွယ် တစ်ခုလုံး အပေါ် တိုက်ခိုက် ကျူးလွန်တာ ဖြစ်တယ်လို့ ပြစ်တင် ပြောဆို ပါတယ်။