အစ္စတန်ဘူလ် သေနတ်သမားကို ဖော်ထုတ် နိုင်ဖို့ နီးစပ် နေပြီ

အစ္စတန်ဘူလ် တူရကီ
ဓာတ်ပုံ ပုံစာ,

လက်ဗွေရာ တွေ အပြင် တခြား သက်သေ အထောက်အထား တွေ ရရှိ ထား

အစ္စတန်ဘူလ်မြို့က နိုက်ကလပ်ထဲ နှစ်သစ်ကူးည တုန်းက သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ဘယ်သူ ဘယ်ဝါ ဆိုတာ ဖော်ထုတ် နိုင်ဖို့ နီးစပ် နေပြီလို့ တူရကီ အာဏာပိုင် တွေက ပြောပါတယ်။

လူ ၃၉ ယောက် သေဆုံး ခဲ့စေတဲ့ လက်သည်ဟာ သူတို့ အဖွဲ့ဝင် ဖြစ်တယ်လို့ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ က ကြေညာ ထားပါတယ်။

ဒီအမှုအခင်းနဲ့ ပတ်သက်ပြီး လက်ဗွေရာ တွေ အပြင် တခြား သက်သေ အထောက်အထား တွေ ရရှိ ထားတာကြောင့် လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သေနတ်သမား ဘယ်သူလဲ ဆိုတာ မကြာခင်မှာပဲ ဖော်ထုတ် နိုင်တော့မယ် ဆိုပြီး တူရကီ ဒုတိယ ဝန်ကြီးချုပ် နူမန် ကော်တိုလမွတ်ရှ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် တူရကီ အနေနဲ့ IS အဖွဲ့ကို ချေမှုန်း နိုင်ရေး အတွက် ဆီးရီးယား နိုင်ငံထဲ စစ်ရေး ဆောင်ရွက် ချက်တွေ ဆက်လက် လုပ်ဆောင် သွားမယ် ဆိုပြီး တော့လည်း မစ္စတာ ကော်တိုလမွတ်ရှ်က ဆိုပါတယ်။

အစ္စတန်ဘူလ် မြို့က လူသိများတဲ့ ရေနာ ဆိုတဲ့ နိုက်ကလပ်မှာ နှစ်သစ်ကူးည လူ အယောက် ၆ဝဝ ဝန်းကျင် ပျော်ရွှင် မြူးတူး နေကြတုန်း သေနတ်သမားက လူအုပ်ထဲ ကျည်ဆန် အတောင့် ၁၈ဝ ဝန်းကျင် ပစ်ခတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီ ဖြစ်ရပ်နဲ့ စပ်လျဉ်းပြီး လူ ၈ ယောက်ကို ဖမ်းဆီး ထားပြီး ဖြစ်တယ်လို့ တူရကီ ရဲတွေက ပြောပါတယ်။