အစ္စရေး စစ်သား ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးဖို့ ဝန်ကြီးချုပ် လှုံ့ဆော်

ဓာတ်ပုံ ရင်းမြစ်, EPA
ဝန်ကြီးချုပ် နက်တန် ညာဟု ကိုယ်တိုင် က တပ်ကြပ် ဇာရီယာ ကို အပြစ်ဒဏ် မှ ကင်းလွတ်ခွင့် ပေးရေး လှုံ့ဆော်နေ
ပြီးခဲ့တဲ့ နှစ် မတ်လ က အစ္စရေး သိမ်းပိုက်နယ်မြေ အနောက်ဘက် ကမ်းမှာ ပါလက်စတိုင်းလူငယ် နှစ်ဦး က အစ္စရေး စစ်သား တဦး ကို ဓါးနဲ့ ထိုးခဲ့တဲ့ အတွက် အစ္စရေး စစ်သား တွေ ဘက် က သေနတ် နဲ့ ပြန်လည်ပစ်ခတ်တဲ့ အခါမှာ တဦး က နေရာတွင် ပဲ ပွဲချင်းသေပေမဲ့ တဦး က ဒဏ်ရာ နဲ့ လဲသွားပါတယ်။
အဆိုပါ ဒဏ်ရာရတဲ့ ပါလက်စတိုင်းလူငယ် အက်ဗဒူ ဖါတာ အယ်လ်ရှာရစ်ဖ် ကို အစ္စရေး တပ်ကြပ် အယ်လော ဇာရီယာ က သေနတ် နဲ့ ပစ်သတ်ခဲ့ လို့ သူ့ ကို စစ်ခုံရုံး မှာ လူသေစေမှု နဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ အပြစ်ရှိကြောင်းအမိန့် ချလိုက်ပါတယ်။
စီရင်ချက် ကိုတော့ လာမဲ့ တနင်္ဂနွေ နေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ချမှတ် မှာပါ။
ဒီ အမှု ဟာ အစ္စရေး မှာ ပွက်လောရိုက်ကုန်ပြီး ဝန်ကြီးချုပ် နက်တန် ညာဟု ကိုယ်တိုင် က တပ်ကြပ် ဇာရီယာ ကို အပြစ်ဒဏ် မှ ကင်းလွတ်ခွင့် ပေးရေး လှုံ့ဆော်နေပါတယ်။
တကယ်လို့ သာ စစ်ခုံရုံး ကနေ အပြစ်ရှိကြောင်း စီရင်ချက် ချရင် တပ်ကြပ် ဇာရီယာ ဟာ နှစ် ၂၀ ထောက်ဒဏ်ကျခံရမှာပါ။
စစ်ဘက်ဆိုင်ရာ တရားသူကြီး သုံးယောက် ဟာလည်း အမိန့်မချခင် ၂ နာရီခွဲ ကြာတဲ့ တိုင်အောင် အမှုသွား အမှုလာ ကို စစ်ဆေးခဲ့ပါတယ်။
တပ်ကြပ် ဇာရီယာ ဘက် က ပါလက်စတိုင်း လူငယ် အနေနဲ့ ဗုံးတပ်ဆင်ထားတဲ့ ခါးပတ် ပတ်လာတယ် လို့ ထင်လို့ သူ့ကိုယ်သူ ကာကွယ်တဲ့ အနေနဲ့ လက်ဦးမှု ရအောင် ပစ်သတ် တာ လို့ အစစ်ခံပေမဲ့ မူလတုန်း ကတော့ သူတို့ ကို သတ်ဖို့ ကြံစည် လို့ အကြမ်းဖက် သမား ကို အသေသတ်ပစ် လိုက်တာ လို့ ထွက်ဆိုခဲ့တာ ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒဏ်ရာ နဲ့ လဲနေသူ လက်နက်မဲ့ ကို ဦးခေါင်းဆီ တည့်တည့်မတ်မတ် ချိန်ရွယ် ပစ်ခတ်တဲ့ ဗီဒီယို ရိုက်ကွက် က ထွက်လာတဲ့ အတွက် တပ်ကြပ်ဇာရီယာ ထွက်ချက် မခိုင်လုံတော့ပါဘူး။
ဒါကြောင့်မို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အယ်ဗီဒေါ လစ်ဘားမင်း က အပြစ်ရှိကြောင်း စစ်ခုံရုံး က ဆုံးဖြတ်လိုက်တာကို အလိုမကျပေမဲ့ အစ္စရေး ပြည်သူတွေ အနေနဲ့ ခုံရုံး ရဲ့ ဆုံးဖြတ်ချက် ကို လေးစား ရမယ် လို့ ပြောပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ တော့ တပ်ကြပ် ဇာရီယာ နဲ့ သူ့မိသားစုဝင် တွေ လိုအပ်တဲ့ အကူအညီ တွေ ပေးဖို့ အသင့် ရှိပါတယ် လို့ ပြောပါတယ်။
အစ္စရေး လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ ကလည်း ဒီအမှု ရဲ့ ဆုံးဖြတ်ချက် ဟာ အစ္စရေး စစ်သားတွေ တွေ ဘက် က ပါလက်စတိုင်းတွေ အပေါ် မှာ လိုအပ်တာထက် အင်အား အလွဲသုံးတာ ကို အပြုသဘောဆောင် မီးမောင်း ထိုးပြလိုက်တယ် လို့ ဆိုတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ယိုလန်နဲလ် က သတင်းပို့ထားပါတယ်။