ရုရှ ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန် ဖွင့်ချတော့မယ်

အမေရိကန် ဆိုက်ဘာ
ဓာတ်ပုံ ပုံစာ,

သမ္မတ ပူတင် က ဆိုက်ဘာဖောက်ထွင်းမှုကို ညွှန်ကြားသူ ဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး က ပြော

အမေရိကန်အမျိုးသားထောက်လှမ်းရေးအဖွဲ့အကြီးအကဲ က ရုရှက ဆိုင်ဘာ ဖောက်ထွင်း တိုက်ခိုက်မှု တွေ နဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ကိုလာမယ့် သီတင်းပတ်ထဲမှာ ပြည်သူအကြား ထုတ်ဖော် ဖွင့်ချ သွားမယ်လို့ ကြေညာလိုက်ပါပြီ။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကပဲ ဒီ ဆိုက်ဘာဖောက်ထွင်းမှု အရေး နဲ့ပတ်သက်ပြီး ရုရှ သံတမန် ၃၅ ယောက် ကို နိုင်ငံတွင်း က နေ နှင်ထုတ်ခဲ့ပြီးပါပြီ။

အမေရိကန်အမျိုးသားထောက်လှမ်းရေး အဖွဲ့ရဲ့ ဒါရိုက်တာ ဂျိမ်းစ် ကလက်ပါ က အထက်လွှတ်တော်ကြားနာပွဲမှာ ရုရှတို့အနေနဲ့ ဆိုင်ဘာ ဖောက်ထွင်း တိုက်ခိုက်ပြီး အမေရိကန် သမ္မရွေးကောက်ပွဲကို ဘယ်လို ဝင်မွှေသွားခဲ့လဲဆိုတာ ကို ရှင်းပြမယ်လို့ လည်း ကတိပြုခဲ့ပါတယ်။

ဒါ့အပြင် သူတို့အနေနဲ့ ရုရှ ဆိုင်ဘာ ခြိမ်းခြောက်မှု နဲ့ပတ်သက်ပြီးတခြား သိထားတဲ့ရှုဒေါင့်တွေ အစုံကိုလည်း ဖွင့်ချပေးသွားမယ်၊ သတင်းအချက်အလက်ဆိုင်ရာတွေ မှာ ဌာနဆိုင်ရာပိုင်းတွေ မှာ လူထုယုံကြည်မှု လျော့လာအောင် အဲဒီတိုက်ခိုက်မှုတွေက ခြိမ်းခြောက်နေတယ်လို့ လည်း ဆိုပါတယ်။

အမေရိကန်အစိုးရ၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး စတဲ့ အရေးကြီးတဲ့ ကျောရိုး ဌာနတွေ အားလုံးကို ခြိမ်းခြောက်နေတာဖြစ်ပြီး ဘက်ပေါင်းစုံကနေ တိုက်ခိုက်တာ လို့ လည်း သူ ကဆိုပါတယ် ။

ဒါ က စစ်ပြုနေတဲ့ အပြုအမူတွေ လားလို့ ရီပတ်ပလီကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက သူ့ကို မေးရာမှာ တော့ သူတို့ထောက်လှမ်းရေး ဆိုင်ရာအဖွဲ့အစည်းအနေနဲ့ အဲလောက်အထိ ကျယ်ပြန့်တဲ့ ပေါ်လစီဆိုင်ရာ အဖြေကို မပေးလို တဲ့အကြောင်း ရှောင်ရှား ပြောခဲ့ပါတယ်။

မစ္စတာ မက်ကိန်းကလည်း ဒီအရေးဟာ ရွေးကောက်ပွဲအဖြေကို ပြန်စစ်ကြောတဲ့ အမြင်နဲ့မကြည့်ပဲ နိုင်ငံတခုလုံးရဲ့ အကျိုးစီးပွားအနေနဲ့ ကြည့်ရမယ် လို့ ပြောပါတယ်။

ရုရှရဲ့တိုက်ခိုက်မှုတွေ ကို အမေရိကန်ပြည်သူအားလုံးအနေနဲ့ သတိထားကြဖို့လိုပြီ။အမျိုးသားအကျိုးစီးပွားထက် အမေရိကန်မှာအရေးကြီးတာ ဘာမှ မရှိဘူးလို့ သူ ကဆိုရင်း ကွန်ကရက်အတွင်း ပါတီ ကွဲပြားတာတွေ ကို ဘေးမှာထားလိုက်ဖို့ သူကနှိုးဆော်သွားပါတယ်။

အမျိုးသားထောက်လှမ်းရေး အကြီးအကဲ မစ္စတာ ကလက်ပါကို ဒီအရေးကို ရုရှဘက် ကိုင်တွယ်တဲ့သူက သမ္မတ ပူတင်လားလို့ အထက်လွှတ်တော် အမတ်တွေ က မေးရာမှာတော့ ဟုတ်တယ် သူနဲ့ ပတ်သက်တယ်လို့ ဖြေကြားသွားပါတယ်။

ဒီမိုကရက်တစ်ပါတီ က အီးမေးတွေကို ဖောက်ထွင်း ခိုးယူဖို့ ပူတင် က အမိန့်ပေးခဲ့တာ လို့ လည်း ပြောပါတယ်။

ရုရှဖက်ကတော့ ဒီ ဆိုင်ဘာတိုက်ခိုက်မှုတွေ သူတို့ ဘာမှ လုပ်ဆောင်ခဲ့တာမရှိကြောင်း အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။

အမျိုးသားထောက်လှမ်းရေး အဖွဲ့က သူတို့ရဲ့တွေ့ရှိချက် အစီရင်ခံစာ ကို သမ္မတ အိုဘားမားလက်ကို အပ်လိုက်ပြီဖြစ်ပြီး သောကြာနေ့မှာတော့ ရွေးချယ်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို အစီရင်ခံပါလိမ့်မယ်။