ကန် အစိုးရသစ်မှာ ပါဝင်လာမယ့် သူတွေ ရုရှ အရေး သတိပေး

ဓာတ်ပုံ မူပိုင် EPA
Image caption ကာကွယ်ရေး ဝန်ကြီး အဖြစ် အဆိုပြုခံထားရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျိမ်းစ် မက်တစ်

ရုရှ နိုင်ငံ အရေး နဲ့ ပတ်သတ်ပြီး အမေရိကန် အစိုးရသစ်မှာ ပါဝင်လာမယ့် လူပုဂ္ဂိုလ် နှစ်ဦး ကတော့ ရွေးချယ်ခံ သမ္မတ ဒေါ်နယ် ထရမ့် နဲ့ မတူညီ တဲ့ သူတို့ရဲ့ သဘောထား အမြင်တွေကို ထုတ်ဖော် ပြောကြား ခဲ့ကြပါတယ်။

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှာ နေတိုး မဟာမိတ် အဖွဲ့ကြီးဟာ အကြီးအကျယ် တိုက်ခိုက် ခံနေရတယ်လို့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ဂျိမ်း မက်တစ် က အောက်လွှတ်တော်မှာ လုပ်တဲ့ ကြားနာပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

CIA ဒါရိုက်တာ အဖြစ် ရွေးချယ်ဖို့ အဆိုပြုခံထားရတဲ့ မိုက် ပွန်ပီယို ကလည်း ဥရောပ ဟာ ရုရှ နိုင်ငံရဲ့ ခြိမ်းခြောက်မှု ကို ရင်ဆိုင် နေရပြီး ယူကရိန်း နိုင်ငံဟာ ရုရှ ရဲ့ ကျူးကျော် သိမ်းပိုက်မှု ကို ခံနေရတယ်လို့ ပြောကြား ခဲ့ပါတယ်။

အမေရိကန် အစိုးရသစ်မှာ ပါဝင်လာမယ့် လူပုဂ္ဂိုလ် နှစ်ဦး ရဲ့ ပြောကြားချက်တွေ ဟာ ရုရှ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်မယ်လို့ ပြောကြား ထားတဲ့ ရွေးချယ်ခံ သမ္မတ ဒေါ်နယ် ထရမ့် နဲ့ သဘောထားခြင်း ကွဲပြားမှုတွေ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါ့ အပြင် အမေရိကန် ရဲ့ ထောက်လှမ်းရေး အေဂျင်စီ တွေ ကိုလည်း အဲဒီ ပုဂ္ဂိုလ် နှစ်ဦး က ထောက်ခံ စကား အသီးသီး ပြောကြား သွားခဲ့ကြပါတယ်။

ဒေါ်နယ် ထရမ့် က စီအိုင်အေ ရဲ့ အကြီးအကဲ အဖြစ် အဆိုပြု ထားတဲ့ မိုက် ပွန်ပီယို ကတော့ ထောက်လှမ်းရေး အေဂျင်စီ ဝန်ထမ်း တွေ ရဲ့ လုပ်ငန်း ကျွမ်းကျင်မှု နဲ့ လုပ်ရည်ကိုင်ရည် ကြောင့် မူဝါဒ ချမှတ် တဲ့ အစိုးရ ထိပ်တန်း ခေါင်းဆောင် တွေ က သတင်း အချက်တွေ ရရှိနေတာ ဖြစ်တယ်လို့ ချီးကျူး ပြောဆို ခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီး အဖြစ် အဆိုပြု ခံထားရ တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျိမ်းစ် မက်တစ် ကလည်း အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ တွေ အပေါ်မှာ ယုံကြည်မှု အပြည့် ရှိကြောင်း လွှတ်တော် က ကြားနာ ပွဲ မှာ ပြောကြား သွား ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်း က ရွေးချယ် ခံ သမ္မတ ဒေါ်နယ် ထရမ့် ဟာ သူ့ ကို ဂုဏ် သိက္ခာ ကျစေမယ့် သတင်း အချက် အလက် တွေ ရုရှ အစိုးရ မှာ ရှိနေတယ် ဆိုတဲ့ ကိစ္စ တွေကို အမေရိကန် ထောက်လှမ်း ရေးတွေ က ဖွင့် ချ တာ ဖြစ်တယ်လို့ စွပ်စွဲ ပြောကြား ခဲ့ တာပါ။

ထောက်လှမ်းရေး အေဂျင်စီ တွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အဖွဲ့ ခေါင်းဆောင် နဲ့ အဖွဲ့ဝင်တွေ ရဲ့ ကြားမှာ အမြင် အမျိုးမျိုး နဲ့ မှတ်ချက် အမျိုးမျိုးကို တွေ့ မြင်နေရတာဟာ အင်မတန်မှ ထူးခြားတယ်လို့ ဘီဘီစီ သတင်းထောက် အန်သိုနီ ဇာချာ က သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ