ရုရှား၊ တရုတ်တို့နဲ့ တွဲလုပ်နိုင်ခြေရှိလို့ ထရမ့်ပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်နိုင်ငံဟာ သူ့ရဲ့ ယွမ်ငွေကို ကိုယ်တိုင်မသတ်မှတ်ပဲ ဈေးကွက်က ထိန်းချုပ်တာကို လက်ခံသင့်တယ်လို့ မစ္စတာ ထရမ့်က ပြော

ရုရှားဟာ အကြမ်းဖက်စစ်ဆင်ရေးနဲ့ တခြားကိစ္စတွေမှာ ကူညီဆောင်ရွက်မယ်ဆိုရင် စီးပွားရေးပိတ်ဆို့ထားတာကို ပြန်ရုပ်သိမ်းပေးနိုင်တယ်လို့ အမေရိကန်သမ္မတ ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်က ဝေါစရိ ဂျာနယ်နဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။

ရုရှားက အမေရိကန် ရွေးကောက်ပွဲကို အွန်လိုင်းက တိုက်ခိုက် နှောက်ယှက်မှုရှိတယ်လို့ အမေရိကန်ထောက်လှမ်းရေး အဖွဲ့တွေက အစီအရင်ခံစာ ထုတ်ပြန်အပြီးမှာ အခုလို စီးပွားရေး ပိတ်ဆို့မှု အစီအမံတွေကို အမေရိကန်ဘက်က ထပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာထရမ့်ဟာ ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဖို့ စီစဉ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒီမေးမြန်းခန်းမှာ ထည့်ပြောခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံကို တရားဝင် အသိအမှတ်မပြုပဲ နေရမယ့် တရုတ်တပြည်ထောင် မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးစရာတွေရှိတယ်လို့ တရုတ်ကို မစ္စတာ ထရမ့်က သတိပေးခဲ့ပါတယ်။

စီးပွားရေးမှာ အမေရိကန်ကုမ္ပဏီတွေကိုလည်း ယှဉ်ပြိုင်ခွင့်ပေးတဲ့အနေနဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ ယွမ်ငွေကို ကိုယ်တိုင်မသတ်မှတ်ပဲ ဈေးကွက်က ထိန်းချုပ်တာကို လက်ခံသင့်တယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။

ဒါပေမယ့် သူဟာ တရုတ်ကို ယွမ်ငွေကို ကိုယ်ကျိုးရအောင် ဈေးကစားနေတယ်လို့တော့ သမ္မတ ဖြစ်ဖြစ်ချင်း စွပ်စွဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ