တရုတ်ဟင်းခတ်အတုတွေ ထုတ်တဲ့နေရာဖမ်းမိ

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်နဲ့ အာရှ ဟင်းချက်နည်းတွေမှာ ဟင်းခတ်ပစ္စည်းတွေ အရေးပါ

ဟင်းချက်ရာမှာ အသုံးပြုတဲ့ ဟင်းခတ် အမွှေး အကြိုင် အတု တွေကို ထုတ်လုပ် ဖြန့်ဖြူး နေတဲ့ အတွက် တရုတ် အာဏာပိုင်တွေက စစ်မေး နေပါတယ်။

တရုတ် ရိုးရာ ဟင်းခတ် အမွှေးအကြိုင် အတု တွေရဲ့ လုပ်ငန်း တန်ဖိုး က ဒေါ်လာ သန်းနဲ့ ချီ တန်ကြေး ရှိပြီး တရုတ်နိုင်ငံ မြောက်ပိုင်း တီယန်ကျင်း မြို့ အနား က ဒူးလျူ ဆိုတဲ့ မြို့လေးမှာ အတုအပ ထုတ်လုပ်တဲ့ စက်ရုံပေါင်း ငါးဆယ် ခန့် ရှိတယ်လို့ သိရပါတယ်။

ဟင်းချက်ရာမှာ ထည့်သွင်း ကြတဲ့ တရုတ် ပဲငံပြာရည်၊ ကြက်သားမှုန့် နဲ့ ရှာလကာရည် တွေကို အတုအပ ပြုလုပ်ပြီး ထုတ်လုပ် ဖြန့်ဖြူး နေကြတာ ဖြစ်ပါတယ်။

စက်ရုံ အလုပ်ရုံ တွေက စွန့်ပစ် တဲ့ ဓာတ်ဆား တွေ နဲ့ ဟင်းချက် ရာမှာ ထည့်သွင်း တဲ့ ပစ္စည်း တွေကို အတုတွေ ထုတ်လုပ် ထားတာ ဖြစ်ကြောင်း သတင်းထောက် တွေက ပြောကြား နေပါတယ်။

အတုအပ ပြုလုပ် သူတွေဟာ နာမည်ကြီး ထင်ရှား တဲ့ Maggi၊ Knorr နဲ့ Nestle တံဆိပ်တွေကို တုပပြီး လုပ်ထားတာပါ။ တရုတ် နိုင်ငံမှာ အစား အသောက် အတု ထုတ်လုပ်မှု တွေ နဲ့ ပတ်သက်လို့ ဖမ်းဆီးမှုတွေ မကြာခဏ ပြုလုပ် နေရပါတယ်။

အခု ဖြစ်ပေါ်နေတဲ့ ဟင်းခတ် အမွှေးအကြိုင် အတု လုပ်တဲ့ စက်ရုံတွေ စစ်ဆေးနေမှု အပါအဝင် အခုနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံဟာ စားသောက်ကုန်ပစ္စည်း လုပ်ငန်းနဲ့ ပတ်သက်ပြီး နာမည်ပျက်စရာ ဖြစ်စဉ်တွေ အများအပြား ကြုံတွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မသန့်ရှင်းတဲ့ တရုတ် နို့မှုန့်ပြဿနာ တက်ဖူး

တရုတ် နို့မှုန့်နဲ့ အသား

၂၀၀၈ ခုနှစ်တုန်းက မသန့်ရှင်းတဲ့ တရုတ်ထုတ် နို့မှုန့်ဘူးတွေကြောင့် ကလေးငယ် ၆ ယောက် သေဆုံးခဲ့ပြီး ၃ သိန်းကျော် ဖျားနာခဲ့ရပါတယ်။

၂၀၁၄ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံရှိ ကေအက်ဖ်စီ၊ မက်ဒေါ်နယ်လ် စားသောက်ဆိုင်တွေကို အသားတင်သွင်းတဲ့ ရှန်ဟိုင်းဟူဆီ ကုမ္ပဏီဟာ အသားဟောင်းတွေကို ပြန်လည် ထုပ်ပိုးပြီး သွင်းခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ နှစ် ၄၀ ကျော်ကြာပြီ ဖြစ်တဲ့ အသားတွေ အပါအဝင် အသားတန်ချိန် တသိန်း ကို ဖမ်းမိတဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးပါတယ်။

အရင်လကလည်း အနောက်မြောက်ပိုင်း မြို့တော် ရှန်ဇီ က စားသောက်ကုန်လုပ်ငန်းတွေမှာ မှိုတွေကို ဖြူဖွေးပြီး လတ်ဆတ်စေဖို့ရာ ဘေးဖြစ်စေတဲ့ ဓာတုဗေဒ ပစ္စည်းတွေကို သုံးကြောင်း တရုတ် စာနယ်ဇင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

နောက်ဆုံး ဖြစ်စဉ် ဟင်းခတ်အမွှေးအကြိုင် အတု လုပ်မှု နဲ့ ပတ်သက်လို့ တနင်္လာနေ့က ထုတ်ပြခဲ့တဲ့ တရုတ် အစိုးရ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနရဲ့ ကြေညာချက်မှာ တီယန်ဂျင်းက စက်ရုံတွေဆီ စုံစမ်းစစ်ဆေးဖို့ရာ တာဝန်ရှိသူ အရာရှိတွေကို စေလွှတ်ထားပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဘေဂျင်းသတင်းစာရဲ့ ရေးသားချက်အရ တီယန်ဂျင်းမြို့အနီး ဒူးလျူ ဆိုတဲ့ (Duliu) မြို့က ဟင်းခတ်အမွှေးအကြိုင် အတုလုပ်ငန်း ဗဟိုချက်မ နေရာဟာ ဆယ်စုနှစ် တခုကျော်ကြာ စစ်ဆေးမှုတွေ မခံခဲ့ရဘူးလို့ သိရပါတယ်။

အဲဒီမြို့က လူနေထိုင်တဲ့ နေရာတွေမှာ စက်ရုံငယ်လေး ၅ဝ နီးပါးဟာ တစ်နှစ် ကို ယွမ် သန်း ၁ဝဝ (ဒေါ်လာ ၁၄.၅ သန်း၊ ပေါင် ၁၂ သန်း) တန်ဖိုးရှိတဲ့ ဟင်းခတ်ပစ္စည်း အတုတွေ ထုတ်လုပ်နေတယ်လို့လည်း ဆိုပါတယ်။

အစိုးရ ကြေညာချက်မှာ ဒီ ဟင်းခတ် အမွှေးအကြိုင် အတု လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှာ ဖြစ်ပြီး စုံစမ်းဖော်ထုတ်မှု ရလဒ်တွေကိုလည်း အများပြည်သူကို အချိန်မီ ထုတ်ပြန်မယ်လို့ ရေးသားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ