ပျောက်သွားခဲ့တဲ့ မလေးရှား လေယာဉ် MH370 ရှာဖွေမှု ရပ်

ဓာတ်ပုံ မူပိုင် Lucas Marie
Image caption မလေးရှား လေယာဉ်က ပြန်တွေ့တဲ့ အပိုင်းအစ

လွန်ခဲ့တဲ့ ၃ နှစ်က လူ ၂၃၉ ယောက်နဲ့အတူ ပျောက်ကွယ်သွားခဲ့တဲ့ မလေးရှား လေကြောင်းလိုင်း MH370 ကို ရှာဖွေနေမှုတွေ ရပ်တော့မယ်လို့ ဆိုပါတယ်။

ဩစတြေးလျ၊ မလေးရှား၊ တရုတ် ၃ နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ဝမ်းနည်းမှုနဲ့ ဒီ ဆုံးဖြတ်ချက်ကို ချ ခဲ့ရတယ်လို့ ရေးထားပါတယ်။ အိန္ဒိယ သမုဒ္ဒရာ မှာ ၁၂၀,၀၀၀ ကီလိုမီတာ ပတ်လည် (မိုင် ၄၆,၃၀၀) ရှာဖွေခဲ့မှု ဟာ အချည်းနှီးပဲ ဖြစ်ခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့ လေယာဉ်ပေါ်က လူတွေရဲ့ မိသားစုဝင်တွေကတော့ ဒီ ဆုံးဖြတ်ချက်ဟာ တာဝန်မယူတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြပြီး ပြန်လည် စဉ်းစားဖို့ တောင်းဆိုကြပါတယ်။

ဘိုရင်း ၇၇၇ အမျိုးအစား MH370 လေယာဉ်ဟာ ၂၀၁၄ ခုနှစ်တုန်းက ကွာလမ်လာပူ ကနေ ဘေဂျင်း ကို ပျံသန်းနေတုန်း ပျောက်ဆုံးသွားခဲ့တာပါ။ အခုအချိန်ထိ ပျောက်ဆုံးသွားတဲ့ လေယာဉ်ကလို့ ယူဆနိုင်မှု များတဲ့ အပိုင်းအစ အခု ၂၀ သာ ပြန်တွေ့ပါသေးတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခု အရ လေယာဉ်ဟာ သမုဒ္ဒရာ ထဲကို ပျက်ကျချိန်မှာ ထိုးဆင်းနှုန်း များခဲ့ဟန် ရှိတယ်လို့ ဖော်ပြထားပါတယ်။

အင်္ဂါနေ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ လေယာဉ်ပျက်ကျ ခဲ့တယ်လို့ ယူဆနိုင်တဲ့ နေရာတွေကို သိပ္ပံနည်းကျ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ပျက်ကျခဲ့တဲ့ နေရာအတိအကျကို ညွှန်ပြနိုင်တဲ့ သတင်းအချက်အလက် အသစ်တွေ မတွေ့ခဲ့ရဘူး လို့ ဆိုထားပါတယ်။

Voice 370 အမည်ရှိ မိသားစုဝင်တွေပါဝင် တဲ့ အဖွဲ့ကတော့ မနှစ် ဒီဇင်ဘာလက ဩစတြေးလျ သယ်ယူပို့ဆောင်ရေး ကဏ္ဍ လုံခြုံရေး အဖွဲ့ က အကြံပြုထားတဲ့ ရှာဖွေမှုကို မြောက်ဘက် ကီလိုမီတာ ၂၅,၀၀၀ အထိ တိုးချဲ ရှာဖွေဖို့ အလိုရှိကြပါတယ်။

ဒါဟာ လေယာဉ်စီး ခရီးသည်တွေရဲ့ အကျိုးအတွက် ရှောင်လွဲလို့ မရတဲ့ တာဝန်ပါ၊ အခုအချိန်မှာ ရှာဖွေမှုကို ရပ်လိုက်တာဟာ တာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်တွေ၊ ပစ္စည်းကိရိယာတွေ၊ သတင်းအချက်အလက်တွေကို တုန်လှုပ်ဖွယ် သစ္စာဖောက်လိုက်ခြင်း ဖြစ်ပြီး တာဝန်မယူရာ ရောက်ကြောင်း ကျန်ရစ်သူတွေရဲ့ မိသားစု အဖွဲ့က ဆိုပါတယ်။