သမ္မတ အိုဘားမား မီဒီယာတွေနဲ့ နောက်ဆုံးတွေ့

ဓာတ်ပုံ မူပိုင် ERIK S. LESSER
Image caption ၈ နှစ် သက်တမ်းအပြီး အိုဘားမားရဲ့ နောက်ဆုံး သတင်းစာရှင်းပွဲ

အမေရိကန် က ထိပ်တန်း လျှို့ဝှက် စာရွက် စာတမ်းတွေ ပေါက်ကြား စေခဲ့မှု နဲ့ ထောင်ဒဏ် ၃၅ နှစ် ပြစ်ဒဏ် ချမှတ် ခံထားရတဲ့ စစ်သားဟောင်း ချယ်လ်ဆီး မန်းနင်း ကို လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့ တဲ့ ဆုံးဖြတ်ချက် ကို သမ္မတ အိုဘားမား က ကာကွယ် ပြောကြား ခဲ့ပါတယ်။

ချယ်လ်ဆီး မန်းနင်း ဟာ တရားရုံးမှာ အမှု ရင်ဆိုင် ခဲ့ပြီးပါပြီ။ သူ ကျူးလွန် ခဲ့တဲ့ ပြစ်မှု အတွက် တာဝန်ယူ ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ပြစ်မှု နဲ့ ကျခံ နေရတဲ့ ပြစ်ဒဏ် ဟာ မမျှတဘူးလို့ ကျနော့် အနေနဲ့ ထင်မြင် ယူဆ မိပါတယ်လို့ အိမ်ဖြူတော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ အိုဘားမား က ပြောကြား သွားခဲ့တာပါ။

သမ္မတ အိုဘားမား ဟာ သမ္မတ အဖြစ်နဲ့ သတင်း မီဒီယာ တွေ နဲ့ နောက်ဆုံး တွေ့ဆုံ ပွဲမှာ စစ်သားဟောင်း ချယ်လ်ဆီး မန်းနင်း ဟာ တရားဥပဒေ ရဲ့ အဆုံးအမ ကို ခံယူပြီး ဖြစ်တာကြောင့် လွတ်ငြိမ်းချမ်းသာ ခွင့် နဲ့ ထိုက်တန်ကြောင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ထိပ်တန်း လျှို့ဝှက် သတင်း တွေကို ဝီကီ လိခ် ကို ဖောက်ချ ခဲ့တဲ့ စစ်သားဟောင်း ချယ်လ်ဆီး မန်းနင်း လာမယ့် မေလ မှာ လွတ်မြောက်မှာ ဖြစ်ကြောင်း အိမ်ဖြူတော် မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဒီလို လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့လို့ ရီပတ်ဘလစ်ကန်တွေ ဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

ကွန်ဂရက် လွှတ်တော် ဥက္ကဋ္ဌ ပေါလ် ရိုင်ယန်ကဆိုရင် ဒါကို အမျိုးသား လုံခြုံရေးအတွက် အန္တရာယ် ရှိတယ်၊ ဒီလို အပြစ် ကျူးလွန်သူတွေ အတွက် အရေးယူနိုင်ဖို့ကို မသေချာစေတော့ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် SAUL LOEB
Image caption လိင်ခွဲစိတ် ပြောင်းလဲထားတဲ့ အမေရိကန် စစ်သား ဘရက်ဒလေ မန်းနင်းခေါ် ချယ်လ်ဆီး

အသက် ၂၉ နှစ် အရွယ် လိင်ခွဲစိတ် ပြောင်းလဲထားတဲ့ အမေရိကန် စစ်သား ဘရက်ဒလေ မန်းနင်းခေါ် ချယ်လ်ဆီးက ဒီသတင်းအချက်တွေကို ၂ဝ၁ဝ တုန်းက ဖွင့်ချ ခဲ့တာပါ။

အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest ကတော့ ဒေါ်နယ် ထရမ့် ကိုယ်တိုင်နှိုက်က ဝီကီလိကို အမွှမ်းတင်ခဲ့ပြီးမှ ရီပတ်ဘလစ်ကန်တွေ ဒီလို ဝေဖန် ရှုတ်ချတာက ရယ်စရာ ကောင်းကြောင်း ပြောပါတယ်။

ဝီကီလိက ဒီမိုကရက်ပါတီက ဖောက်ထွင်းခံရတဲ့ အီးမေးလ်တွေကို အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလတုန်းက ဖွင့်ချ ခဲ့ဖူးပါတယ်။

ဒါ့အပြင် အစ္စရေး နဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး သတင်းထောက် တွေက မေးမြန်း ရာမှာတော့ လောလောဆယ် မှာ နှစ်ပြည်ထောင် စနစ် နဲ့ ပတ်သက်လို့ အင်မတန်မှ သတိထား ဆောင်ရွက် ရမယ့် ကိစ္စ ဖြစ်တဲ့ အကြောင်း အိုဘားမား က ဖြေကြား ခဲ့ပါတယ်။

နောက်ပြီး သမ္မတ အိုဘားမား က ရုရှနဲ့ အမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောပါတယ်။

ကမ္ဘာ့အကျိုးစီးပွား အမေရိကန် အကျိုးစီးပွားတွေအတွက် ရုရှနဲ့ အပြုသဘော ဆက်ဆံရေး ကျနော်တို့ ထားရှိခဲ့ပါတယ်။ ဒါကို ကျနော့်လက်ထက် တလျှောက်လုံး ကျင့်သုံးခဲ့ပါတယ်။ သမ္မတ ပူတင် ပြန်တက်လာပြီးနောက် ရုရှမှာ အမေရိကန်ဆန့်ကျင်ရေးတွေ အရှိန်ပြန်တက်လာတာလို့ ပြောရင် မှန်ကန်ပါလိမ့်မယ်။ ဒါဟာ စစ်အေးခေတ် တလျှောက်လုံး ရှိနေခဲ့တဲ့ ဆက်ဆံရေးမျိုး ပြန်ဖြစ်လာတာပါ။

အိုဘားမားက သူ့နေရာမှာ နောက်တက်လာမယ့် ဒေါ်နယ်ထရမ့် အနေနဲ့ ရုရှကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ပြန်ပြီး ရုပ်သိမ်း မပေးဖို့လည်း သတိပေးလိုက်ပါတယ်။

ယူကရိန်း အချုပ်အချာ အာဏာကို ထိပါးမှုတွေ ပြန်လျော့ပါးမသွားမချင်း ရုပ်သိမ်းမပေးဖို့ တောင်းဆိုခဲ့တာပါ။

နောက်ပြီး အိုဘားမားက ဒေါ်နယ် ထရမ့်ကို ဒီ သမ္မတ အလုပ်ဟာ သူတယောက်ထဲ လုပ်လို့ ရတာ မဟုတ်ကြောင်း၊ အောက်က လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို အင်မတန် အားပြုရကြောင်း၊ ကိုယ်နဲ့ သဘောတူတဲ့ သူတွေဆီကပဲ နားထောင်တာမျိုး လုပ်နေရင် အမှားအယွင်းတွေ ဖြစ်ကုန်လိမ့်မယ်လို့ သတိပေးသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ