ဂမ်ဘီယာ မြို့တော် ဘန်ဂျူးလ်ထဲ ဆီနီဂေါ စစ်ကားတွေ ဝင်ရောက်လာ

ဆီနီဂေါ စစ်ကားတွေ ဘန်ဂျူးလ် ထဲ ဝင်လာ
ဂမ်ဘီယာ နိုင်ငံမြို့တော် ဘန်ဂျူးလ် ထဲကို အနောက် အာဖရိက တပ်တွေ ဝင်ရောက်သွား ပြီ ဖြစ်ပါတယ်။
အာဏာက ဖယ်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ သမ္မတဟောင်း ယာဟ်ယာ ဂျမား ပြည်ပကို တိမ်းရှောင် သွားပြီး နောက် တစ်ရက်မှာပဲ အခုလို ဝင်လာတာ ဖြစ်ပြီး မြို့ခံတွေက လက်ခုတ်လက်ဝါး တီးပြီး အော်ဟစ် ကြိုဆို ခဲ့ကြပါတယ်။
ဆီနီဂေါ စစ်ကားတွေ ၁၅ စီးပါဝင်တဲ့ မော်တော်ယာဉ်တန်း ဘန်ဂျူးလ် ထဲ ဝင်လာတယ်လို့ မျက်မြင် တွေ့ခဲ့ ရသူတွေက ဆိုပါတယ်။
အဲဒီ့ တပ်ဖွဲ့ဟာ သမ္မတ အိမ်တော်ဝင်းထဲ နေရာယူပြီး သမ္မတသစ် အာ့ဒါမာ ဘာရိုး ဆီနီဂေါ ကနေ ရောက်လာမှာကို စောင့်နေကြပါတယ်။
မစ္စတာ ဘာရိုးဟာ ဆီနီဂေါ နိုင်ငံ ဒါကာ မြို့တော်မှာ ရှိတဲ့ ဂမ်ဘီယာ သံရုံးထဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သမ္မတသစ် အဖြစ် ကျမ်း သစ္စာ ကျိန်ဆို ခဲ့ပြီး ဖြစ်ပါတယ်။