တရုတ်ပြည် ကလေးယူနှုန်း သိသိသာသာတက်

ဓာတ်ပုံ ရင်းမြစ်, WANG ZHAO
တအိမ်ထောင် ကလေးတယောက်ပဲ ယူရေး ပေါ်လစီ ဆယ်စုနှစ်နဲ့ချီ ပြီး ချမှတ်ခဲ့
တရုတ်အစိုးရက တအိမ်ထောင် ကလေးတယောက်ပဲ ယူရေး ပေါ်လစီ ကိုဆယ်စုနှစ်နဲ့ချီ ပြီး ချမှတ်ခဲ့ရာကနေ ၂၀၁၅ တုန်း က တော့ ဒီကန့်သတ်ချက်ကို လျှော့ပေးလိုက်တဲ့နောက် ကလေးယူနှုန်းက မနှစ် ၂၀၁၆ မှာ သိသိသာသာ တက်လာပါပြီ။
ပေါ်လစီ ပြောင်းပြီးတဲ့ နောက်နှစ် ဖြစ်တဲ့ ၂၀၁၆ အတွင်း အိမ်ထောင်စုတွေ ကလေးယူနှုန်းက ၂၀၁၅ နဲ့ နှိုင်းစာလိုက်ရင် ၁၁.၅ ရာခိုင်နှုန်း တက်လာတယ် ၊ အရေအတွက်နဲ့ ဆိုရင်တော့ ကလေး မွေးတာ ၁.၃ သန်း ပိုလာပြီးတော့ စုစုပေါင်းဆို ၂၀၁၆ အတွင်း ကလေး ၁၈.၆ သန်း မွေးဖွားခဲ့တယ်လို့ သိရပါတယ်။
တရုတ်ရဲ့ အမျိုးသား ကျန်းမာရေးနဲ့ မိသားစု စီမံကိန်း ကော်မရှင် ရဲ့အပြောအရ ၂၀၂၀ မှာ ဆိုရင် နှစ်စဉ်နှစ်တိုင်း ကလေး ၁၇သန်းနဲ့ သန်း၂၀ ကြား မွေးလာကြလိမ့်မယ်လို့ မှန်းဆနေကြကြောင်း သိရပါတယ်။
အိမ်ထောင်သည် စုံတွဲတစုံတွဲ ဆိုရင် ကလေးတယောက်ပဲ ယူရမယ် ဆိုတဲ့ မူက တိန်ရှောင့်ဖိန် လက်ထက် ၁၉၇၉ ခုနှစ် တုန်းက ချမှတ်ခဲ့တယ်။ အဲဒီတုန်းက တော့ လူဦးရေ တိုးနှုန်းသိပ်များလာရင် သူတို့မှန်းထားတဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို မရမှာ စိုးတာကြောင့် အခုလို ကန့်သတ်ခဲ့တာပါ။
အတင်းအကျပ် ကိုယ်ဝန်ဖျက်ချစေတာတွေ၊ လူတွေကို အစုလိုက် အပြုံလိုက် သားဆက်ခြား တဲ့ ကုထုံးတွေကို ပေးတာတွေ လုပ်ခဲ့ပါတယ်။
အဲဒါတွေနဲ့ ပတ်သက်ပြီးလူ့အခွင့်အရေး ရှုဒေါင့်က အများအပြား ဝေဖန် ခဲ့ကြသလို တရုတ်မှာ သားယောက်ျားကို အလေးအမြတ် ထားတဲ့ ယဉ်ကျေးမှု က ထွန်းကားတော့ ပထမ ရတဲ့ ကိုယ်ဝန်က မိန်းကလေးဖြစ်နေမှန်း သိရင် ဖျက်ချပြီး ယောက်ျားလေး ယူနိုင်အောင် ကြိုးစားကြတဲ့ အိမ်ထောင်သည်တွေလည်း အများအပြား ပဲဆိုတဲ့ သတင်းတွေလည်းထွက်ခဲ့တာပါ။
ဒီ တအိမ်ထောင်တယောက် ပေါ်လစီကို ကျေးရွာတွေမှာထက်စာရင် မြို့နေ လူထုအကြား မလိုက်နာရမရှိရအောင် ပိုပြီး ဖိဖိစီးစီးအရေး ယူခဲ့တာပါ။ ၁၉၈၀ နှစ်တွေ အတွင်း တဝိုက်လောက်မှာတော့ ကျေးလက် ဒေသတွေ ဘက်မှာ ပထမကလေးက မိန်းကလေးဆိုရင် နောက်ထပ် ကိုယ်၀န်ယူခွင့် ပြုတာမျိုး လျှော့ပေးတာတွေ တော့ ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ဘယ်လိုဖြစ်စေ အရွယ်ရောက် သူအရေအတွက်လျော့ကျလာတာ၊ အရွယ်ရောက်သူတွေ ထဲ အမျိုးသမီး ဦးရေက အမျိုးသား ဦးရေနဲ့ နှိုင်းစာရင် နည်းလာတဲ့ လူမှုရေးဆိုင်ရာ စီးပွားရေးဆိုင်ရာ ပြဿနာတွေ က တက်လာခဲ့ပါတယ်။
အဲဒီတော့ ၂၀၅၀ လောက်ဆိုရင် အသက် ၆၅ နှစ် ကျော် အရွယ်ရှိမယ့် လူဦးရေးက တရုတ်မှာ လေးပုံတပုံ အထိဖြစ်လာမယ့်အထိ လို့မှန်းဆ ခဲ့ကြပါတယ်။
ဒါကြောင့် ၂၀၁၅ မှာ ကလေးမွေးဖွားတဲ့ ပေါ်လစီ ပြန်ပြောင်း တယ်။ အဲဒီ ရဲ့ အကျိုးဆက်နဲ့ ကလေးမွေးဖွားတာ မနှစ်က ဆိုရင် ပေါ်လစီ မပြောင်းခင် အရင်တနှစ်ကနဲ့နှိုင်းရင် ၁.၃ သန်းပိုမွေးလာခဲ့ပါတယ်။
အစိုးရရဲ့တရားဝင်ခန့်မှန်းမှုတွေ ကတော့ ၂၀၅၀ ကျရင် အလုပ်လုပ်နိုင်တဲ့အရွယ်မှာရှိတဲ့ လူဦးရေ သန်း ၃၀ လောက် ပိုလာပြီလို့ သိရပါတယ်။
တအိမ်ထောင် တယောက် ပေါ်လစီ ချခဲ့လို့သာ လူဦးရေ အလွန်များတဲ့အဖြစ်တို့၊ ဆင်းရဲမွဲတေမှုတို့၊ သဘာ၀ပတ်ဝန်းကျင် အလွန်အမင်း ပျက်စီးသွားတာတို့ စတာ တွေ မဖြစ်ခဲ့တာလို့ အာဏာပိုင်တွေ ကတော့ ကာကွယ်ပြောပါတယ်။
ဒါပေမယ့် တရုတ် ရဲ့ တအိမ်ထောင် ကလေးတယောက် ပေါ်လစီကြောင့် မနှစ် က ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီး အရေအတွက်ဟာ အရင် တနှစ်နဲ့ နှိုင်းရင် အရေအတွက် ၅ သန်း လျော့သွားတာကြောင့် သက်ရောက်မှု အဖြစ်မှန် ကို သိရဖို့က နှစ်တွေအများကြီး ထပ်ကြည့်ရ ဦးမှာလို့ သုံးသပ်နေကြသူတွေလည်း ရှိနေပါတယ်။