ယီမင်ထဲ အမေရိကန် ကွန်မန်ဒိုတွေ ဝင်ရောက် စီးနင်း

ယီမင်
ဓာတ်ပုံ ပုံစာ,

အာရုဏ်တက်ချိန်မှာ လေကြောင်း ကနေ တိုက်ခိုက်

ယီမင် နိုင်ငံက လာတဲ့ သတင်းတွေ အရ အမေရိကန် ကွန်မန်ဒို အထူး တပ်ဖွဲ့ရဲ့ လက်ချက် လို့ ယူဆရတဲ့ တိုက်ခိုက်မှုကြောင့် ၊ အယ်လ်ကိုင်းဒါး လက်နက်ကိုင် တွေရော၊ အရပ်သားတွေပါ သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံး စာရင်းထဲ အယောက် ၃ဝ ၀န်းကျင် ရှိနေပြီး၊ အယ်လ်ကိုင်းဒါး ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ အဗ္ဗဒူလ် ရာအုဖ် အယ်လ်-ဒါဟ်ဟာ့ဘ် လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အယ်လ် ဘေဒါ ပြည်နယ် ထဲ၊ အရုဏ်တက်ချိန်မှာ လေကြောင်း ကနေ တိုက်ခိုက် လာခဲ့ ပြီးတဲ့နောက်၊ ရဟတ်ယာဉ် တွေ ပေါ်ကနေ အထူး တပ်ဖွဲ့တွေ ဆင်းသက် လာပြီး မြေပြင် ချေမှုန်းရေး တွေပါ ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။

အယ်လ်ကိုင်းဒါး လက်နက်ကိုင်တွေ ခြေကုပ်ယူ ထားတဲ့ ပလီ ဝတ်ကျောင်း တစ်လုံးကို ပစ်မှတ်ထား ဦးတည်ပြီး တိုက်ခိုက် ခဲ့ကြသလို၊ ပတ်ဝန်းကျင်က နေအိမ် တချို့ပါ တိုက်ခိုက် ခံခဲ့ ရပါတယ်။

ဒီ စစ်ဆင်ရေးကို အမေရိကန် တပ်ဖွဲ့က ပြုလုပ် ခဲ့တယ် ဆိုတာကို အတည် ပြုနိုင်ရင် ဒါဟာ သမ္မတ ထရမ့် လက်ထက် ပထမဆုံး အကြိမ် အနေနဲ့ ကွန်မန်ဒို စေလွှတ် တိုက်ခိုက် လာတာ ဖြစ်ပါတယ်။