ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ တွေကို စခန်းရွှေ့မယ်

rohingya

ဓာတ်ပုံ ရင်းမြစ်, Allison Joyce

ဓာတ်ပုံ ပုံစာ,

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ စခန်းတခု

ဘင်္ဂလားဒေ့ရှ်က ထောင်သောင်းချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ဘင်္ဂလားပင်လယ်အော်ထဲက ဝေးလံတဲ့ ကျွန်းတကျွန်းပေါ် ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ က ပြင်ဆင် နေပါတယ်။

သူတို့ကို မြန်မာပြည် ပြန်မပို့ခင် တန်ဂါချိုး ကျွန်းကို ပြောင်းရွှေ့မယ်လို့ အစိုးရ တာဝန်ရှိသူ တယောက်က ဆိုပါတယ်။

ဒါဟာ အတင်းအကျပ် ပြောင်းရွှေ့ နေရာချတာပဲ ဆိုပြီး လူ့အခွင့်အရေး အုပ်စုတွေက ဒီ ရွှေ့ပြောင်းမယ့် စီမံကိန်းကို ကန့်ကွက် နေကြပါတယ်။

တန်ဂါချိုး ကျွန်းဟာ ဒီရေ အမြင့်ကြီး တက်လေ့ရှိပြီး လမ်းပန်း အဆက်အသွယ် မရှိသလို ရေဘေး ကာကွယ်ရေး အတွက် တာတမံတွေ ဆောက်ထားတာလည်း မရှိပါဘူး။

မေဂနာ မြစ်က ကျတဲ့ အနည်အနှစ်တွေ စုပြီး လွန်ခဲ့တဲ့ ၁ဝ နှစ်ကမှ ပေါ်လာတဲ့ ကျွန်း ဖြစ်ပါတယ်။ ခုထိလည်း မြေပုံတွေမှာ ဒီကျွန်းကို ထည့်ဆွဲတာ မရှိသေးပါဘူး။

အခု ရိုဟင်ဂျာ စခန်းတွေ ရှိတဲ့ နေရာကနေ ၉ နာရီစာ ခရီးလောက် ကွာဝေးပါတယ်။

ဒီကျွန်းကို ဆောင်းတွင်းမှသာ ဖြတ်ကူးဝင်လို့ရပြီး ဓားပြတွေ ကြီးစိုးတဲ့ နေရာလို့ အနားက အရာရှိ တယောက်က ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ဂင်္ဂါမြစ်ဝကျွန်းပေါ်မှာ တန်ဂါချိုးကျွန်းတည်ရှိ

ဘင်္ဂလားဒေ့ရှ်မှာ ဝင်ပြီးနေကြတဲ့ ရိုဟင်ဂျာ ၂ သိန်းကျော် ရှိပြီး သူတို့ကို ပြန်လည် စိစစ်နေရာချဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြင်နေပါတယ်။

ကောက်ဆက်ဘဇားမြို့က သူတို့စခန်းတွေ ရှိတဲ့ နေရာဟာ ကမ္ဘာမှာ အရှည်ဆုံး မပျက်မစီး ကျန်ရစ်တဲ့ ကမ်းခြေ ရှိတဲ့ နေရာ ဖြစ်လို့ ဒီနေရာကို ခရီးသည်တွေ အတွက် အပန်းဖြေ စခန်းတွေ ဖွင့်ဖို့ ပြင်ဆင်နေပါတယ်။