ထရမ့် ရွေးတဲ့ ဝန်ကြီးတွေကို အတည်ပြုဖို့ ဒီမိုကရက် အမတ်တွေ ငြင်းဆန်

စတီဗင် မနူရှင်နဲ့ တွမ် ပရိုက်စ်တို့ကို အတည်ပြုဖို့ ဒီမိုကရက် ဆီးနိတ်တာတွေ ငြင်းဆန်
အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ထရမ့်က ရွေးချယ်ထားတဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး နှစ်နေရာ ကို အတည်ပြု နိုင်ဖို့ ဆီးနိတ် လွှတ်တော် အတွင်း မဲခွဲဖို့ ရှိခဲ့ ပေမယ့်လည်း ဒီမိုကရက် အမတ်တွေက ဆန္ဒမဲ မပေးပဲ သပိတ် မှောက် ခဲ့တဲ့ အတွက် အတည် မပြု နိုင် ဖြစ်သွားပါတယ်။
အစိုးရ ကက်ဘိနက် အဖွဲ့ထဲ အရေးပါတဲ့ ရာထူးတွေ ဖြစ်တဲ့ ဘဏ္ဍာရေးနဲ့ ကျန်းမာရေး ဝန်ကြီး နေရာတွေမှာ သမ္မတ ထရမ့် ရွေးချယ် ထားတဲ့ စတီဗင် မနူရှင်နဲ့ တွမ် ပရိုက်စ်တို့ကို အတည်ပြုဖို့ ဒီမိုကရက် ဆီးနိတ်တာတွေ ငြင်းဆန် ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီမိုကရက် အမတ်တွေရဲ့ လုပ်ရပ်ဟာ အင်မတန် လွန်ကျူးရာ ရောက်တယ် ဆိုပြီး ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ် ရေးသား ခဲ့သလို၊ အရင် အစိုးရနဲ့ လွှတ်တော်တွေ လက်ထက် ဘာကြောင့် အလုပ် မဖြစ် ခဲ့သလဲ ဆိုတာကို အခု အဖြစ်အပျက်က ပြသနေတာပဲ လို့လည်း သမ္မတ ထရမ့်က ဆိုပါတယ်။
ရှေ့နေချုပ် နေရာမှာ ခန့်အပ်ဖို့ ထရမ့်က အဆို ပြုထားတဲ့ ဂျက်ဖ် ဆက်ရှင်စ် အပေါ်မှာလည်း အဲဒီ ရာထူး နေရာနဲ့ ထိုက်တန်သူ ဖြစ်ဖို့ မစ္စတာ ဆက်ရှင်စ်ဟာ ထရမ့်ရဲ့ ဩဇာနဲ့ ကင်းလွတ်သူ ဟုတ်ရဲ့လား ဆိုပြီး ဒီမိုကရက် တွေက အပြင်းအထန် မေးခွန်း ထုတ်နေ ကြပါတယ်။