ရိုမေးနီးယား စီးပွားရေးဝန်ကြီး ရာထူးကထွက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရိုမေးနီးယားနိုင်ငံမှာ လာဘ်စားမှုတမျိုးဆိုရင် ထောင်မချဘူးဆိုတဲ့ ဥပဒေထုတ်တာနဲ့ ပတ်သက်ပြီး ရိုမေးနီးယား စီးပွားရေးဝန်ကြီး ရာထူးက နုတ်ထွက်လိုက်ပါတယ်။
အစိုးရဟာ သူ့ကို ထောက်ခံသူတွေ စိတ်ပျက်စရာဖြစ်အောင် လုပ်ခဲ့ပြီး သူဝန်ကြီး အဖြစ် ဆက် မနေနိုင်တော့ဘူးလို့ ဝန်ကြီး ဖလော်ရင် ဂျီယန်းနုက ပြောပါတယ်။
အစိုးရဝန်ထမ်းတွေ အမေရိကန်ဒေါ်လာ လေးသောင်း ရှစ်ထောင်အောက်ပဲ လာဘ်စားတာဆိုရင် ထောင်မချဘူးဆိုတဲ့ ဥပဒေကြောင့် ရိုမေးနီးယားနိုင်ငံအတွင်း အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာပါ။
ရိုမေးနီးယား သမ္မတ မစ္စတာ အိုင်အို ဟန်းနစ်စ် ကလည်း ဒီဥပဒေကို အရေးပေါ်ပြဌာန်းခဲ့တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီကို ဝေဖန်လိုက်ပြီး ဖွဲ့စည်းပုံခုံရုံးကတဆင့် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ခဲ့တဲ့ ဒီ ဆန္ဒပြပွဲတွေကို လူပေါင်း တသန်းလောက် တက်ရောက်ခဲ့ပြီး ၁၉၈၉ ကွန်မြူနစ်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း လူအများဆုံးတက်တဲ့ ဆန္ဒပြပွဲဖြစ်ခဲ့တာပါ။
ရိုမေးနီးယားဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ထိခိုက်နေပြီလို့ အမေရိကန်၊ ပြင်သစ်နဲ့ ဂျာမဏီအပါအဝင် နိုင်ငံ ၆ နိုင်ငံက သတိပေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။