ထရမ့်ရဲ့ ပြည်ဝင်ခွင့်အမိန့်အယူခံ ရှုံးနိမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထရမ့်အမိန့်နဲ့ ပြည်ဝင်ခွင့် ပိတ်ခံရသူတွေကို ကူညီပေးဖို့ စောင့်နေတဲ့ လော့အိန်ဂျယ်လိစ်လေဆိပ်က ရှေ့နေတဦး
မွတ်ဆလင်အများစုရှိတဲ့ ၇ နိုင်ငံ ပြည်ဝင်ခွင့် ပိတ်တဲ့အမိန့် အတည်ဖြစ်ရေး အယူခံကို အမေရိကန် ဖက်ဒရယ်တရားရုံးက ပယ်ချလိုက်ပါတယ်။
အစိုးရနဲ့ အိမ်ဖြူတော်ဟာ တနင်္လာနေ့ နောက်ဆုံးထားပြီး လျှောက်လဲချက်တွေ ထပ်တင်မှ အယူခံကို စဉ်းစားမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ပြည်ဝင်ခွင့်ပိတ်တဲ့ အမိန့်ကို ပြန်ဖျက်တဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လမ်းဖွင့်ပေးလိုက် သလိုပဲလို့ သမ္မတ ထရမ့်က အစောပိုင်းမှာ ပြောဆိုထားခဲ့ပါတယ်။
အမေရိကန် တရားရေးဌာနကလည်း သမ္မတရဲ့ ရုံးအမိန့်ကို ပြန်ပြီး အတည်ဖြစ်ရေး အယူခံဝင်ခဲ့ပြီး ဒုက္ခသည် အကူအညီပေးရေး အစီအစဉ်ကိုလည်း ပြန်လည် သုံးသပ်မှု မပြီးခင် ဆိုင်းငံ့ထားနိုင်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံကတော့ အစောပိုင်းက အီရန် ပြည်ဝင်ခွင့် ပိတ်ထားတဲ့ အမေရိကန် နပန်းသမားအဖွဲ့ကို ဝင်ခွင့် ပြန်ပေးလိုက်ပါတယ်။
အမေရိကန်က လောလောဆယ် တရားရုံးအမိန့်နဲ့ ပြည်ဝင်ခွင့်ပိတ်ထားတာကို ပြန်ရုပ်သိမ်းပေးလိုက်တဲ့အတွက် အီရန်ဘက်ကလည်း ပြန်ဖွင့်ပေးတာလို့ အီရန် နိုင်ငံခြားရေးရုံးက ပြောပါတယ်။