အာဖဂန် အရပ်သား ထိခိုက် သေဆုံးမှု စံချိန်သစ်တင်

ဓာတ်ပုံ ရင်းမြစ်, AP
ပြီးခဲ့တဲ့ နိုဝင်ဘာက တာလီဘန်တွေကို စစ်ဆင်တဲ့ အမေရိကန် - အာဖဂန် ပူးပေါင်း စစ်ဆင်ရေးအတွင်း အရပ်သား ၃၀ ကျော် သေဆုံး။
အာဖဂန်နစ္စတန် နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်းက အရပ်သား သေဆုံးမှု အရေအတွက် ထပ်တိုးလာခဲ့ပြီး စံချိန်သစ် တင်ခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။
ကလေးငယ်တွေ သေဆုံး ဒဏ်ရာရတဲ့ အရေအတွက် ဟာလည်း စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ အာဖဂန် ဆိုင်ရာ ကုလ တာဝန်ခံ မစ္စတာ တာဒါမိချိ ယာမာမိုတို Tadamichi Yamamoto က ပြောပါတယ်။
ကလေးငယ် သေဆုံးမှု အရေအတွက်က ထိတ်လန့်စရာ ကောင်းလောက်အောင် ပိုတိုး လာတာကို သူ့အနေနဲ့ အထူး စိုးရိမ်ကြောင်း၊ ထောင်နဲ့ ချီတဲ့ အာဖဂန် အရပ်သားတွေကို သေကြေ ဒဏ်ရာရစေတာဟာ အလွန်အမင်း ထိတ်လန့် ကြောက်မက်စရာ ကောင်းကြောင်းနဲ့ ဒါတွေ မဖြစ်အောင် ကာကွယ်လို့ ရကြောင်း ကုလသမဂ္ဂ တာဝန်ခံ တာဝန်ခံ မစ္စတာ-တာဒါမိချိ ယာမာမိုတို ပြောပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်က စပြီး အရပ်သား သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စာရင်း ပြုစုခဲ့တဲ့ အာဖဂန်နစ္စတန် ကူညီရေး ကုလ သမဂ္ဂ အဖွဲ့ရဲ့ အပြောအရ သေဆုံးသူ သို့မဟုတ် ဒဏ်ရာရသ စုစုပေါင်း တစ်သောင်း တစ်ထောင် ငါးရာ နီးပါး ရှိနေပြီလို့ သိရပါတယ်။
အရေအတွက် အများစုက အစိုးရတပ်တွေနဲ့ လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ အတွင်းမှာ ထိခိုက် သေဆုံးကြရတာလို့ ပြောပါတယ်။
အာဖဂန် နစ္စတန် နိုင်ငံမှာ အဓိက လက်နက်ကိုင် အဖွဲ့က တာလီဘန် ဖြစ်ပေမယ့် IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ ဦးရေက ဆယ်ဆ တိုးခဲ့ပါတယ်။