ဆီးရီးယားထောင်မှာ လူတသောင်း ကြိုးပေးခံရ

syria

ဓာတ်ပုံ ရင်းမြစ်, Amnesty International/Forensic Architecture

ဓာတ်ပုံ ပုံစာ,

ဆက်ဒ်နားယား အကျဉ်းထောင်ကို သားသတ်ရုံလို့ ခေါ်ကြ

ဆီးရီးယားနိုင်ငံ ဒမတ်စကပ် မြို့အနီး ဆီးရီးယား စစ်တပ်အကျဉ်းထောင်မှာ ငါးနှစ် အတွင်း လူပေါင်း တစ်သောင်း သုံးထောင်အထိ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့ Amnesty International က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ပါတယ်။

အဖမ်းခံရသူတွေက ဆက်ဒ်နားယား အကျဉ်းထောင်ကို သားသတ်ရုံလို့ ခေါ်ကြပါတယ်။

ဒီအစီရင်ခံစာ ဦးဆောင်ရေးသားသူ Amnesty International ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ Nicolette Waldman က ဆက်ဒ်နားယား မှာ သတ်ဖြတ်ခံရသူ အများစုက အရပ်သားတွေ ဖြစ်ကြတယ်၊ သူတို့က ဆီးရီးယား အရပ်ဖက် အဖွဲ့အစည်း အမျိုးမျိုးကလူတွေ ဖြစ်တယ်၊ ဆီးရီးယား အစိုးရကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အပါအဝင် အရပ်သားတွေ ဖြစ်ကြတယ်လို့ ပြောသွားပါတယ်။

သူတို့ကို အသေအချာ ကြားနာစစ်ဆေးမှုမရှိကြောင်းနဲ့ တချို့ဆို တမိနစ် နှစ်မိနစ်လောက်သာ အချိန်ယူ ကြားနာတယ်လို့လည်း သူက ပြောပါတယ်။

ဆက်ဒ်နားယား အကျဉ်းထောင်မှာ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်ကြား တပတ်ကို လူ ၅၀ လောက် အထိ အစုလိုက် အပြုံလိုက် ကွပ်မျက် ခံခဲ့ကြရတယ်လို့လည်းဆိုပါတယ်။

ဆီးရီးယား အစိုးရကတော့ နိုင်ငံရေးအတိုက်အခံတွေကို နှိပ်စက်ညှဉ်းပန်းတာ မရှိကြောင်း ငြင်းဆိုပါတယ်။