တရုတ်တစ်ပြည်ထောင်မူဝါဒ ထရမ့် ထောက်ခံ

ဓာတ်ပုံ မူပိုင် AP
Image caption ထရမ့်က အရင်က တရုတ်တစ်ပြည်ထောင်မူကို မေးခွန်းထုတ်ခဲ့ဖူး

အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီဂျင်ပင်းနဲ့ တယ်လီဖုန်းက တဆင့် ပထမဆုံး အကြိမ် ဆက်သွယ် စကားပြောခဲ့ရာမှာ အမေရိကန်ရဲ့ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာ ရှိတယ် ဆိုတဲ့ မူဝါဒကို ထောက်ခံကြောင်း ပြောခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

တရုတ်ပြည် တစ်ပြည်သာ ရှိတယ် ဆိုတဲ့ မူဝါဒဟာ တရုတ်ပြည်မ အစိုးရ တစ်ခုတည်းကိုပဲ သံတမန်ရေးရာ အရ အသိအမှတ်ပြု ဆက်သွယ်မယ် ဆိုတဲ့ မူ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ကာလကြာရှည် ကျင့်သုံးလာခဲ့တဲ့ ဒီမူဝါဒဟာ ထရမ့်က ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့ အချိန်မှာ ထိုင်ဝမ်သမ္မတ နဲ့ ဖုန်းဆက်သွယ်ပြောဆိုခဲ့မှု အပြီးမှာ အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။

အရင် အမေရိကန် ခေါင်းဆောင် အဆက်ဆက်ဟာလည်း တရုတ်ပြည်မကြီးရဲ့ မူ အတိုင်း ထိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုခြင်း မရှိပါဘူး။

တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းဟာ သူတို့ဆီက ခွဲထွက်ထားတဲ့ ပြည်နယ် အဖြစ်သာ ရှုမြင်ပြီး တနေ့နေ့မှာ ပြည်မကြီးနဲ့ ပြန်လည် ပေါင်းစည်းရမယ်လို့ ယူဆပါတယ်။

အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ဖေဖေါ်ဝါရီလ ၉ ရက် ကြာသပတေးနေ့ညက ပြုလုပ်ခဲ့တဲ့ နိုင်ငံ ခေါင်းဆောင်တွေ ဖုန်းခေါ်ဆိုမှုဟာ အချိန်ကြာမြင့်ခဲ့ပြီး အကြောင်းအရာ မျိုးစုံ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဖုန်းကတဆင့် စကားပြောဆိုခဲ့မှုဟာ အလွန်အမင်း နွေးထွေးခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပြီး နှစ်နိုင်ငံ တရားဝင် အလည်အပတ် ပြုလုပ်ဖို့လည်း ခေါင်းဆောင်တွေဟာ အပြန်အလှန် ဖိတ်ကြားခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတသစ် ထရမ့်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလတလျှောက်လုံးမှာ တရုတ်နိုင်ငံဟာ မျှတမှု မရှိတဲ့ ကုန်သွယ်ရေး တွေ ပြုလုပ်နေတယ်ဆိုပြီး စွပ်စွဲခဲ့ပြီး တရုတ်ရဲ့ တောင်တရုတ်ပင်လယ်က စစ်ရေးချဲ့ထွင်နေမှုတွေကိုလည်း တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ဖူးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဘေဂျင်း အစိုးရဘက်ကတော့ သမ္မတ ထရမ့်ရဲ့ သဘောထားတွေ အပေါ် စိုးရိမ်ပူပင်မိကြောင်း ထုတ်ပြန်ခဲ့ပြီး အမေရိကန်ကို တရုတ်နဲ့ ပိုမိုနီးနီးကပ်ကပ် ကူးလူးဆက်ဆံဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ