ထရမ့် အမိန့် အပိတ် ခံရလို့ အသစ် ထပ် ထုတ်ဖို့ စဉ်းစားနေ

ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

သမ္မတရဲ့ အမိန့် တားဆီးခံထားရတဲ့အတွက် အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံက ဒုက္ခသည် အပါအဝင် နိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံထဲကို ဝင်ခွင့်ပြန်ရမှာ ဖြစ်

အမေရိကန်ရဲ့ မွတ်ဆလင် အများစုနေတဲ့ ၇ နိုင်ငံ ပြည်ဝင်ခွင့်ပိတ်တဲ့အမိန့်ကို တရားရေးဘက်က တားဆီးခဲ့တဲ့ အတွက် အမိန့်သစ်တခု ထပ်ထုတ်ဖို့ စဉ်းစားနေတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

မစ္စတာ ထရမ့်က ဒီအမိန့်သစ်ကို အင်္ဂါနေ့လောက်မှာ ထုတ်နိုင်မယ်လို့ ပြောဆိုခဲ့ပြီး တားဆီးခံရတဲ့ ယခင် အမိန့်အတွက် တရားရုံးချုပ်အထိ အယူခံဝင်သွားဖို့ အခြေအနေလည်း ရှိနေပါတယ်။

အခုလို အသစ် ထုတ်ပြန်မယ့် အမိန့်သစ်မှာ ဘယ်အချက်တွေ ပါမလဲဆိုတာ မသိရသေးပေမယ့် ယခင် အမိန့်ဟောင်းက အချက်တွေကို သိပ်မပြောင်းပဲ ပြန်ထုတ်မှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောဆိုထားပါတယ်။

သမ္မတရဲ့ ပြည်ဝင်ခွင့် ပိတ်တဲ့အမိန့်ကို ဆီယက်တယ်မြို့က တရားသူကြီးတဦးက တားဆီးခဲ့ပြီး ဒီကိစ္စအပေါ် အစိုးရက အယူခံဝင်တာကို ဖက်ဒရယ် တရားရုံးက ကြာသာပတေးနေ့တုန်းက ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ အခုလို သမ္မတရဲ့ အမိန့် တားဆီးခံထားရတဲ့အတွက် အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံက ဒုက္ခသည် အပါအဝင် နိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံထဲကို ဝင်ခွင့်ပြန်ရမှာ ဖြစ်ပေမယ့် သမ္မတ အမိန့်မှာပါတဲ့ အမေရိကန်လက်ခံမယ့် ဒုက္ခသည် အရေအတွက် ငါးသောင်း ကန့်သတ်ချက်ကတော့ ဆက်လက် အာဏာနေမြဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေး စနစ်ရဲ့ အာဏာသုံးရပ် အပြန် အလှန် ထိန်းညှိတဲ့နေရာမှာ သမ္မတက လွှတ်တော် အတည်ပြုချက်နဲ့ တရားသူကြီး ခန့်အပ်ခွင့် ရှိပေမယ့် တရားစီရင်ရေး ဘက်ကလည်း လွှတ်တော်နဲ့ သမ္မတရဲ့ အမိန့်နဲ့ ဥပဒေတွေကို နောက်ဆုံးအဆင့်မှာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ကြေညာခွင့်အာဏာ ရှိနေတာ ဖြစ်ပါတယ်။