အမေရိကန်၊ ကနေဒါ ကုန်သွယ်ရေး အဓိက ထားဆွေးနွေး

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခေါင်းဆောင်နှစ်ဦး အကြားမှာ သဘောထား ကွဲလွဲ တာကတော့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ဒုက္ခသည် အရေး မူဝါဒ တွေ ပဲ ဖြစ်

ကနေဒါ ဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒို ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ဆုံ ဆွေးနွေး အပြီးမှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပါတယ်။

နှစ်နိုင်ငံ အဓိက ဆွေးနွေးချက် ကတော့ ကုန်သွယ်ရေး ကိစ္စရပ် ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦး အကြားမှာ သဘောထား ကွဲလွဲ တာကတော့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ဒုက္ခသည် အရေး မူဝါဒ တွေ ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နှစ်နိုင်ငံစလုံး အနေနဲ့ ကုန်သွယ်ရေး ဟာ ရှေ့တန်းက နေရာ ယူတဲ့ အကြောင်း နှစ်ဘက်စလုံး သဘောပေါက်ပါတယ်။

ဒါကြောင့် မို့ သမ္မတ ထရမ့်က မြောက် အမေရိက ဘက်ခြမ်းဆိုင်ရာ နိုင်ငံတကာ ကုန်သွယ်မှု၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး၊ ကုန်သွယ်ရေး ရပိုင်ခွင့် တွေ ဟာ ကျနော်တို့ နှစ်နိုင်ငံ စလုံး အတွက် ပူးပေါင်း ဆောက်ရွက်မှု ရှိတာနဲ့ အမျှ နှစ်နိုင်ငံစလုံး ဟာ တောင့်တင်း ခိုင်မာမှု ရှိမယ် ဆိုတာ ကို နားလည်သဘောပေါက်ကြပါတယ်။

ဒါကြောင့်မို့လည်း အလုပ်အကိုင်တွေ ကို အကာအကွယ်ပေးယင်း အကျိုးအမြတ် ကြွယ်ဝမှု တွေ ထိန်းသိမ်းပြီး အားလုံးလုံခြုံမှု ရှိရေး ပါ ဆွေးနွေးဖြစ်ကြပါတယ် လို့ ပြောခဲ့ပါတယ်။

ကနေဒါ နိုင်ငံ ရဲ့ ၇၅ ရာခိုင်နှုန်း ကုန်သွယ်မှု ဟာ အမေရိကန်ပြည်ထောင်စု ဘက် စီးဝင်နေတဲ့ အတွက် မစ္စတာထရမ့်ရဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက် ကို ပြန်လည် ညှိနှိုင်း သုံးသပ်မယ် ဆိုတဲ့ စကားတွေ ဟာ ကနေဒါ အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ သမ္မတ ထရမ့် က မက္ကဆီကို နဲ့ ကုန်သွယ်ရေး ကို ပစ်မှတ်ထားတာ ဖြစ်ပေမဲ့ ကနေဒါ ပါ ကြားညပ် မှာ စိုးတာပါ။

ကနေဒါနိုင်ငံသား တွေ ဟာ အမေရိက နဲ့ နေ့တိုင်းလို နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု လုပ်နေတဲ့ အတွက် အမေရိကန် အပေါ် မှီခို မှု ပြုနေကြတာပါ။ သန်းနဲ့ ချီတဲ့ အလုပ်အကိုင်တွေ ဟာ အမေရိကန် နဲ့ ပတ်သက်နေလို့ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းမှု အတွက် ဆက်ဆံရေး ကောင်းဖို့လည်း လိုပါတယ် လို့ ပြောခဲ့ပါတယ်။

အမေရိကန် ဘက် က ကနေဒါ ကို အားထားရတဲ့ ကဏ္ဍ မှာတော့ တယ်လီဖုန်း ဆက်သွယ်ရေး စနစ်နဲ့ နို့ထွက် ကုန်ပစ္စည်းတွေ ပါဝင်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် အင်ဒရူးဝေါလ်ကာ က သတင်း ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ