မြောက်ကိုရီးယား ဒုံးစမ်းသပ်မှု လုံခြုံရေးကောင်စီ ပြစ်တင်

ဓာတ်ပုံ ရင်းမြစ်, AP
ဒုံးကျည်း စမ်းသပ်မှု အောင်မြင်လို့ မြောက်ကိုရီးယားပြော
မြောက်ကိုရီးယား နိုင်ငံ ရဲ့ တာလတ်ပစ် ဒုံးကျည် စမ်းသပ် ပစ်ခတ် ခဲ့မှု နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး က တညီတညွှတ်တည်း ပြစ်တင် ဝေဖန် ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ဒုံးကျည် ပစ်လွှတ် ခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံဟာ ကုလသမဂ္ဂ ရဲ့ ပဋိညာဉ် ကို ချိုးဖောက် ခဲ့တာ ဖြစ်ကြောင်း လုံခြုံရေး ကောင်စီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဒါ့ အပြင် မြောက်ကိုရီးယား ပြည်သူတွေ ရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းခြင်း မလုပ်ဘဲ နျူကလီးယား အစီအစဉ်တွေ ကို အဓိက အာရုံစိုက်ပြီး လုပ်ဆောင် နေတဲ့ အတွက် လည်း စိတ်မကောင်း ဖြစ်မိကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယား နိုင်ငံ တို့ က လုံခြုံရေး ကောင်စီမှာ အရေးပေါ် အစည်းအဝေး ကျင်းပ ဖို့ တောင်း ဆို ခဲ့ကြတာ ဖြစ်ပါတယ်။
တားမြစ် ထားတဲ့ ဒုံးကျည် ပစ်ခတ်မှု ကို လုပ်ခဲ့တဲ့ မြောက် ကိုရီးယား နိုင်ငံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပြီး နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေကိုလည်း လိုက်နာ ဖို့ တိုက်တွန်း သွားခဲ့ပါတယ်။
မြောက်ကိုရီးယား ရဲ့ ဒုံးကျည် ပစ်ခတ်မှု ဟာ ကြီးကြီး မားမား ပြဿနာတွေ ပေါ်ပေါက် နိုင်ပြီး ဒါကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်း သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြား ထားပါတယ်။

မြောက်ကိုရီးယား စမ်းသပ်မှုတရုတ်ဆန့်ကျင်
လုံခြုံရေးကောင်စီမှာ ဒီကနေ့နှောင်းပိုင်းဆွေးနွေးမှာဖြစ်