တိုရှီဘာ ဒေါ်လာ သန်းသုံးထောင်ကျော်ရှုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုရှီဘာ ရှယ်ယာတွေ စျေးကွက်မှာ ၉ ရာခိုင်နှုန်း လောက် ကျဆင်း

ဂျပန် က လျှပ်စစ်ပစ္စည်း အများအပြား ထုတ်လုပ်ရာ တိုရှီဘာ ကုမ္ပဏီဟာ ဒီနှစ် သုံးလအတွင်း ဒေါ်လာ သန်းသုံးထောင်ကျော် အရှုံးပေါ်ခဲ့ပါတယ်။ ယူကေမှာလည်း နျူကလီးယား စက်ရုံ တည်ဆောက်ဖို့ ပြင်နေတဲ့ တိုရှီဘာ အရှုံးပေါ်မှုကြောင့် ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။

တိုရှီဘာကုမ္ပဏီ က သူ့အရှုံးအမြတ် ရလဒ်ကို အစောပိုင်း ကတည်းက ထုတ်ပြန်ရမှာ ဖြစ်ပေမယ့် အချိန် ဆိုင်းထားရာက အခုတော့ ဒီနှစ်မတ်လအထိ အမေရိကန် ဒေါ်လာ သန်း သုံးထောင် လေးရာ အသားတင် အရှုံးပေါ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ အဲလို ကြေညာခဲ့ပြီး နာရီပိုင်း အတွင်းမှာ အရှုံးပေါ်မှုကို တာဝန်ခံမှု ပြတဲ့ အနေနဲ့ ကုမ္ပဏီ ဥက္ကဋ္ဌ ရှီဂန်နိုရီ ရှီဂါ လည်း နှုတ်ထွက် သွားပါတယ်။

ဒီသတင်းနဲ့ တဆက်တည်း တိုရှီဘာ ရှယ်ယာတွေလည်း စျေးကွက်ထဲမှာ ဒီနေ့မနက် ၉ ရာခိုင်နှုန်း လောက် ကျဆင်းသွားခဲ့ပါတယ်။ တိုရှီဘာ ရှယ်ယာ တန်ဖိုး ဟာ အခုလို ဘဏ္ဍာရေး ပြသနာတွေနဲ့ ပတ်သက်လို့ သတိပေးခံခဲ့ရတဲ့ လွန်ခဲ့တဲ့ ဒီဇင်ဘာကတည်းက စလို့ တ၀က်လောက် ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်မှာ ရှိတဲ့ နျူကလီးယား လုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှု တန်ဖိုးကို ဒေါ်လာ သန်းခြောက်ထောင် နီးပါး လျော့ချရဖို့ ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အခုလို အရှုံးပေါ်မှုတွေဟာ အမေရိကန်က သူတို့ရဲ့ ကုမ္ပဏီ လက်ခွဲ တခု ဖြစ်တဲ့ Westinghouse Electronic ကုမ္ပဏီ ကနေ Chicago Bridge & Iron ကုမ္ပဏီ ဆီကနေ ၂၀၁၅ တုန်းက နျူကလီးယား ဆောက်လုပ်ရေး နဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေ ၀ယ်ခဲ့ပြီး ကတည်းက ဖြစ်ပါတယ်။ အဲဒီတုန်းက လုပ်ငန်း ပိုင်ဆိုင်မှု တန်ဖိုးက သူတို့ ပေး၀ယ်တဲ့ စျေးလောက် မရှိတဲ့ အပြင် ငွေပေးချေမှုနဲ့ ပတ်သက်လို့လည်း အငြင်းပွားမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ငွေပြန်ပေါ်အောင် အမြတ်ထွက်နိုင်တဲ့ မန်မရီ ချစ်ပ် လုပ်ငန်း တချို့ကို ပြန်ရောင်းဖို့ အစီအစဉ်တွေ ကြေညာခဲ့ပါတယ်။ တကယ်တော့ တိုရှီဘာဟာ ကမ္ဘာပေါ်မှာ ဆမ်ဆောင်း ပြီးရင် ဒုတိယ အကြီးဆုံး မန်မရီ ချစ်ပ် ထုတ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Owen Humphreys
Image caption တိုရှီဘာ ကယူကေ မှာ နျူကလီးယား စက်ရုံသစ် တခု ဆောက်ဖို့ စီစဉ်ခဲ့

အခုလို ဘဏ္ဍာရေး ပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုရှီဘာ ကုမ္ပဏီဟာ ယူကေ က Cumbria ဒေသမှာ နျူကလီးယား စက်ရုံသစ် တခု ဆောက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ တိုကျိုမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တိုရှီဘာ အကြီးအကဲ Satoshi Tsunakawa ဆန်တိုရှီ ဆူနာကာဝါ က သူတို့ ကုမ္ပဏီ အနေနဲ့ လက်ရှိ ဂျပန်က နျူကလီးယား စီမံကိန်းတချို့ ကိုတော့ ဆက်လုပ်သွားမှာ ဖြစ်ပေမယ့် ယူကေမှာ အသစ်တည်ဆောက်မယ့် နျူကလီးယား စက်ရုံ စီမံကိန်းမှာ သူတို့ ပါ၀င် နိုင်မှာ မဟုတ်တောဘူးလို့ ဆိုပါတယ်။

လက်ရှိ လုပ်နေတဲ့ အမေရိကန်က နျူကလီးယား စက်ရုံ လေးခုနဲ့ တရုတ်က လေးခုကိုတော့ အမြဲမပြတ် အခြေအနေကို စောင့်ကြည့်ပြီး ဆက်လုပ်သွားမှာပါ ၊ ယူကေက Moorside မိုးဆိုက်ဒ်မှာ နျူကလီးယား စက်ရုံသစ် ဆောက်မယ့် ကိစ္စကို တာ၀န်မယူဖို့ အလေးနက် စဉ်းစားနေသလို တကယ်လို့ တယောက်ယောက်က အဲဒီမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်၀င်စားမယ် ဆိုရင် ရှယ်ယာတွေ ပြန်ရောင်းချင်ပါတယ်လို့ တိုရှီဘာ အကြီးအကဲ ဆန်တိုရှီ ဆူနာကာဝါ ကပြောပါတယ်။

တကယ်တော့ တိုရှီဘာ အဲဒီ စီမံကိန်းမှာ ၆၀ ရာနှုန်း ပါ၀င်တာ ဖြစ်ပြီး အခုလို တိုရှီဘာ ထွက်သွားမယ် ဆိုရင်တော့ ယူကေ အနေနဲ့ တခြား မြုပ်နှံမယ့်သူကို ရှာရတော့မှာပါ။ ဒီလို အပြောင်းအလဲတွေကြောင့် စီမံကိန်းကို အကြီးအကျယ် နှောင့်နှေးသွားစေမှာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ ယူကေရဲ့ စွမ်းအင် လိုအပ်ချက် ၇ ရာခိုင်နှုန်းလောက် ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ အခုတော့ ဒီ စီမံကိန်း အနာဂတ်နဲ့ ပတ်သက်လို့ ဘဏ္ဍာရေး တောင့်တင်းမှု အင်အား ဘယ်လောက် ရှိသလို ဆိုတာ ရှင်းလင်းချက် ပေးဖို့ GMB union ဆိုတဲ့ သမဂ္ဂ ကလည်း တောင်းဆိုမှုတွေ လုပ်နေပါပြီ။

အာရှမှာ တိုရှီဘာ ကုမ္ပဏီ က အရှုံးပေါ်နေသလို ဗြိတိန် က ကားထုတ်လုပ်ရာ Rolls-Royce ကုမ္ပဏီကလည်း ပြီးခဲ့တဲ့ နှစ်မှာ စံချိန်တင် လောက်အောင် ပေါင်သန်းလေးထောင်ကျော် အရှုံးပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြောင်းရင်းကတော့ ပေါင်ငွေ တန်ဖိုး ကျဆင်းတာနဲ့ အဂတိ လိုက်စားမှု တွေကြောင့် ဆိုပေမယ့် ဒီကုမ္ပဏီ ကြီးတွေရဲ့ အရှုံးပေါ်မှုက ယူကေနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ အတွက် ယူကေ စီးပွားရေး အပေါ် အနည်းနဲ့ အများ ရိုက်ခတ်မှာ ဖြစ်တယ်လို့ စီးပွားရေး ဆိုင်ရာ သုံးသပ်သူတွေက ဆိုနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ