ဆမ်ဆောင်း ကုမ္ပဏီ ဆက်ခံမယ့်သူ အဖမ်းခံရ

တောင်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

အသစ်တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဒေါ်လာ သန်းလေးဆယ်နီးပါး လာဘ်ထိုးတယ်လို့ တွေ့ရှိရတဲ့အတွက် ရာဇဝတ်မှု အဖြစ် တရားစွဲ ဖို့ လိုအပ်လာ

တောင်ကိုရီးယားနိုင်ငံက ဆမ်ဆောင်း လျှပ်စစ်ပစ္စည်း ကုမ္ပဏီကြီးရဲ့ အမွေဆက်ခံမယ့်သူ အဖြစ် ယူဆခံထားရတဲ့ လီဂျေယောင်းကို လာဘ်ထိုးမှု အပါအဝင် အခြား အမှုတွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဒီအမှုဟာ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေး တယောက် ရာထူးအာဏာကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ အရှုပ်တော်ပုံနဲ့ ဆက်စပ်ပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီဟာ အစိုးရဆီက မျက်နှာသာပေးမှုတွေ ရဖို့ အတွက် သမ္မတရဲ့ လူယုံမိတ်ဆွေ ချွိုင်ဆွန်းဆေလ် တည်ထောင် လုပ်ကိုင်နေတဲ့ အကျိုးအမြတ်မဲ့ လူမှုရေး အဖွဲ့အစည်းတွေကို ငွေတွေလှူဒါန်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒါပေမယ့် မစ္စတာလီနဲ့ ဆမ်ဆောင်း ဘက်ကတော့ တရားမဝင်တဲ့ လုပ်ရပ်တွေ ဘာတခုမှ မလုပ်ခဲ့ဘူးလို့ အစဉ်တစိုက် ငြင်းဆန်ခဲ့ပါတယ်။

ဆမ်ဆောင်းရဲ့ ယာယီအကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မစ္စတာလီကို အရင်လတုန်းက အစိုးရရှေ့နေတွေက ခေါ်ယူစစ်ဆေးခဲ့ပေမယ့် ဖမ်းဆီးခြင်းတော့ မပြုလုပ်ခဲ့ပါဘူး။

ဒါပေမယ့် အခု အပတ် အစောပိုင်းမှာ ဒုတိယအကြိမ်မြောက် အဖြစ် မစ္စတာလီကို ခေါ်ယူ မေးမြန်းခဲ့ပါတယ်။

သောကြာနေ့မှာတော့ အသစ်တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဒေါ်လာ သန်းလေးဆယ်နီးပါး လာဘ်ထိုးတယ်လို့ တွေ့ရှိရတဲ့အတွက် ရာဇဝတ်မှု အဖြစ် တရားစွဲ ဖို့ လိုအပ်လာတာကြောင့် မစ္စတာလီကို ဖမ်းဆီးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အစိုးရရှေ့နေအဖွဲ့အနေနဲ့ မစ္စတာလီကို လာမယ့် ရက် ၂၀ အတွင်း တရားဝင် တရားရုံးတင် စစ်ဆေးဖို့ရာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

အခု တရားရုံး ဆုံးဖြတ်ချက်နဲ့ ဖမ်းဆီးခဲ့မှုဟာ မစ္စတာလီမှာ အပြစ်ရှိတယ်၊ မရှိဘူး ဆုံးဖြတ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံရေး ဆက်စပ် ရာဇဝတ်မှုကြီး ဖြစ်တဲ့ အပြင် နိုင်ငံကနေ ထွက်ပြေးနိုင်ခြေ ရှိလာနိုင်တဲ့ အတွက် တရားရုံး တင် မစစ်ဆေးမီ ထိန်းသိမ်းထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စကြောင့် ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေလည်း ကျဆင်းခဲ့ပြီး အမှုမှန်ပေါ်အောင်လုပ်မယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။