မြောက်ကိုရီးယား လူသတ်မှု မသင်္ကာခံရတဲ့ တယောက်က သူ တီဗွီဇာတ်လမ်းထဲ သရုပ်ဆောင်ခဲ့ရတာလို့ ထင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AP
အသတ်ခံရတဲ့ ကင်မ်ဂျုံနမ်
မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း တယောက်ရဲ့ သားလဲဖြစ်၊ အခု လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအွမ် ရဲ့ ၀မ်းကွဲအကို လည်းဖြစ်တဲ့ ကင်မ် ဂျုံနမ် အသတ်ခံရမှုနဲ့ ဖမ်းဆီးထားတဲ့ လူ ၃ ယောက်ထဲ ကတယောက်ဖြစ်တဲ့ အင်ဒိုနီးရှား အမျိုးသမီး က သူ့အနေနဲ့ လူတွေကို နောက်ပြောင် ပျော်ရွှင်အောင် လုပ်ကြတဲ့ တီဗီ ဇာတ်လမ်းထဲမှာ သရုပ်ဆောင် ခဲ့တာ လို့ ထင်ခဲ့တဲ့အကြောင်း၊ လုပ်ကြံလူသတ်မှု စီစဉ် တယ်ဆိုတာ ကို မသိခဲ့ရတဲ့အကြောင်း ပြောတယ်လို့ ဆိုပါတယ်။
ကင်မ်ဂျုံနမ် တယောက် မလေးရှား က လေဆိပ်မှာ တနင်းလာနေ့ က ခရီးသွားဖို့ပြင်နေတုန်း သေဆုံးသွားပါတယ်။
သူ့မျက်နှာကို တယောက်ယောက် က အဆိပ်ရည် နဲ့ ဖျန်းသွားတာလို့ ရဲတွေ က ယုံကြည်နေကြပါတယ်။
အဲဒီ အမှုနဲ့ပတ်သက်ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက်ကို ဖမ်းဆီးထားရာမှာ အမျိုးသမီး တယောက်က အင်ဒိုနီးရှားသူ ဖြစ်ပါတယ်။
အဲဒီ အင်ဒိုနီးရှားသူ အမျိုးသမီး စစ်တီ အဆစ်ရာ က သူ့ကို လုပ်ခပေးပြီး ပျော်စရာ ရွှင်စရာတွေ လုပ်ဖို့ သရုပ်ဆောင် လုပ်ခိုင်းခဲ့တာလို့ အဲဒီအမျိုးသမီး ကိုယ်တိုင် က ယူဆထားနေတယ်လို့ အင်ဒိုနီးရှား ရဲမှူးချုပ် တီတို ကာနာဗီယန် က ပြောပါတယ်။
အမျိုးသမီး ၂ ယောက် ဟာ တခြားယောက်ကျားလေးတွေကို မျက်စေ့မှိတ်ခိုင်းထားပြီး ရေနဲ့ဖျန်းတဲ့ အပေျာ် အပြက်လုပ်ဆောင်မှုတွေ ကို အခုအဖြစ်မတိုင်ခင် ကတည်းက ၃ ခါ၊ ၄ ခါ လုပ်ခဲ့ဘူးကြတယ်လို့ လည်း ရဲမှူးချုပ် ကာနာဗီယန် က ပြောပါတယ်။
နောက်ဆုံး ပစ်မှတ်မှာတော့ အန္တရာယ် ရှိတဲ့ ပစ္စည်းတွေ ကို သုံးပြီး လုပ်သွားတာ လို့ သူ က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
မစ္စ စစ်တီ အဆစ်ရာ ဟာ လုပ်ကြံသတ်ဖြတ်မှု တခုလို့ မသိခဲ့ကြောင်း ပြောပါတယ်။
အင်ဒိုနီးရှားမှာ ရှိတဲ့ သူ့မိသားစုနဲ့ အိမ်နီးနားချင်းတွေ ကလည်း သူအဖမ်းခံရ တာ ကြားလို့အံ့သြတုန်လှုပ်မိတဲ့အကြောင်း ပြောကြပါတယ်။
အခုလို အခြေအနေတွေ ဖြစ်နေတာနဲ့တပြိုင်နက်ထဲမှာ ပဲ မြောက်ကိုရီးယား က အဲဒီ ကင်မ် ဂျုံနမ် ရဲ့ အလောင်းကို ပြန်လွှဲပေးဖို့ တောင်းဆိုနေပါတယ်။
မလေးရှားဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကန်ခိုလ် က အဲဒီအလောင်းထားရာ ဆေးရုံရှေ့မှာ ပြောကြားရာမှာ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံကို ရန်လိုတဲ့ အင်အားစု တွေရဲ့ နိုင်ငံရေး အစီအမံအတိုင်း မလေးရှားတို့အနေနဲ့ လိုက်မပါဖို့ ကို ခိုင်ခိုင်မာမာတောင်းဆိုတယ်၊ အလောင်းကို ချက်ချင်း ချွင်းချက်မရှိပြန်လွှဲပေးပါ၊ လို့ ပြောကြားခဲ့တဲ့အပြင် အခု အလောင်း ရင်ခွဲစစ်ဆေးချက်တွေ ကိုလည်း ဘာမှ လက်ခံ မှာမဟုတ်ပဲ ပယ်ချသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
မလေးရှားဖက်ကတော့ သေဆုံးသူ ကင်မ် ဂျုံနမ် နဲ့ နီးစပ်တဲ့ ဆွေမျိုး ဆီက ဒီအန်အေ မျိုးဗီဇ နမူနာ မရပဲ အဲဒီ အလောင်းကို ပြန်လွှဲပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ကင်မ် ဂျုံနမ် ဟာ သူ့မိသားစုနဲ့ ကင်းကင်းကွာကွာနေသူ ဖြစ်သလို အများအားဖြင့် မကာအို၊ တရုတ်ပြည်မ ကြီးနဲ့ စင်ကာပူတို့မှာ အနေအထိုင်များတဲ့သူပါ။
နိုင်ငံရေး ရည်မှန်းချက်မရှိပေမယ့် သူ့ ညီဝမ်းကွဲ ကင်မ်ဂျုံအွန်းဟာ ခေါင်းဆောင်အရည်အသွေး မရှိသူ လို့ ဝေဖန်ခဲ့သူ ဖြစ်ပြီး မြောက်ကိုရီးယားမှာ သူတို့မိသားစု က အာဏာတွေ ကိုင်စွဲထားတာကို ဆန့်ကျင် ပြောကြား ခဲ့သူဖြစ်ပါတယ်။