မိုဆူးလ်လေဆိပ်ကို အီရတ်တပ်တွေ သိမ်းနိုင်

ဓာတ်ပုံ ရင်းမြစ်, Reuters
အိုင်အက်စ်တွေရဲ့ နောက်ဆုံးခံစစ်မြို့ကို ဖြိုနိုင်ဖို့ စစ်ဆင်ရေးတွေ စတင်
အီရတ်တပ်ဖွဲ့တွေဟာ မိုဆူးလ်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ထုတ်ရေးမှာ အဓိကကျတဲ့ မိုဆူးလ်လေဆိပ်ကို သိမ်းပိုက်ခဲ့ကြပါပြီ။
အီရတ်တပ်ဖွဲ့တွေရဲ့ အပြောအရ အိုင်အက်စ်တွေဟာ လေဆိပ်အလွန် သူတို့ ထိန်းချုပ်ထားဆဲဖြစ်တဲ့ နေရာတွေကနေ မော်တာတွေနဲ့ ဆက်ပြီး တိုက်ခိုက်နေတယ်လို့ အဲဒီမှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ညက အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်တွေ စခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေက အမြောက်တွေ တင့်ကားတွေနဲ့ လေဆိပ်နယ်မြေကို နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အီရတ်တပ်ဖွဲ့တွေဟာ အခုတော့ လေဆိပ်နားက အိုင်အက်စ်တွေရဲ့ စခန်းကြီးကို တိုက်ခိုက်နေကြပါတယ်။
အီရတ်တပ်ဖွဲ့ ဟာ အခုတော့ အိုင်အက်စ်တွေ တုံ့ပြန် တိုက်ခိုက်လာနိုင်တယ်လို့ ယူဆရတဲ့ မိုဆူးလ်မြို့ အနောက်တောင်ဘက် လူနေထူထပ်တဲ့ ဆင်ခြေဖုံးနေရာတွေနဲ့ အနီးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။