အိမ်ဖြူတော်က သတင်းဌာနတချို့ကို သတင်းယူခွင့်ပိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အေပီနဲ့ တိုင်း မဂ္ဂဇင်းတို့ကတော့ အဖိတ်ခံရပေမယ့် ကန့်ကွက်တဲ့အနေနဲ့ မတက်ခဲ့
အမေရိကန် အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်မှုတွေမှာ CNN၊ BBC အပါအဝင် သတင်းဌာန တော်တော်များများကို မဖိတ်တဲ့အပေါ် ဝေဖန်ခံ နေရပါတယ်။
နယူးယော့တိုင်းနဲ့ စီအန်အန်တို့က ဒါဟာ အမေရိကန် ဖွဲ့စည်းပုံအရ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကိုးကားပြီး လက်ခံနိုင်စရာမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဘီဘီစီ သတင်းဌာနကတော့ ဘာလို့ ဒီလို ဖြစ်ရသလဲဆိုတာ ရှင်းအောင် လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
နေရာအခက်အခဲ၊ ဒါမှမဟုတ် တခြားအကြောင်းတွေကြောင့် ကန့်သတ်တာတွေ ရှိဖူးပေမယ့် အခုတကြိမ်ကတော့ ဒါတွေကြောင့် မဟုတ်ဘူးလို့ ဝါရှင်တန် က ဘီဘီစီ အကြီးအကဲ ပေါ ဒါနာဟာက မှတ်ချက်ပေးခဲ့ပါတယ်။
သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပုံမှန် ရုပ်သံလွှင့်ပြီး မှတ်တမ်းတင်မယ့် အစီအစဉ်ကို ဖျက်ပြီး အလွတ်သဘော မေးမြန်းတဲ့ ပုံစံ ပြောင်းခဲ့တာ ဖြစ်ပါတယ်။
အိမ်ဖြူတော် ပြောခွင့်ရ ရွှန်စပိုက်ဆာကတော့ သတင်းမှားတွေထွက်နေတာကို အိမ်ဖြူတော်က ရပ်ကြည့်မနေနိုင်ဘူးလို့ တုန့်ပြန်ထားပါတယ်။
ဖိတ်ကြားခြင်းမခံရတဲ့ တခြား သတင်းဌာနတွေကတော့ ဂါးဒီးယန်း၊ ဒေးလီးမေးနဲ့ ဘက်ဇ်ဖိတို့ ဖြစ်ပြီး အေပီနဲ့ တိုင်း မဂ္ဂဇင်းတို့ကတော့ အဖိတ်ခံရပေမယ့် ကန့်ကွက်တဲ့အနေနဲ့ မတက်ခဲ့ပါဘူး။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တချို့ အမေရိကန် သတင်းဌာနတချို့ဟာ သတင်းမှားတွေ ဖြန့်ချီနေပြီး ပြည်သူ့ရန်သူတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

မီဒီယာတွေကို တိုက်ခိုက်တာ စလိုက်တဲ့ သမ္မတ ထရမ့်
မီဒီယာတွေကို တိုက်ခိုက်တာ စတင် လိုက်တဲ့ သမ္မတ ထရမ့် က မီဒီယာတွေ ဟာ ရိုးသားမှုမရှိဘူးလို့ ပြောလိုက်ပါတယ်။