တရုတ်စစ်အသုံးစရိတ် ၇ ရာခိုင်နှုန်းမြှင့်မယ်

ဓာတ်ပုံ ရင်းမြစ်, AP
ဒီတိုးနှုန်းအရ စစ်အသုံးစရိတ်ဟာ ၂၀၁၇ တနိုင်ငံလုံး ပြည်တွင်း အသားတင် ထုတ်ကုန်ရဲ့ ၁.၃ ရာခိုင်နှုန်းရှိမှာ ဖြစ်
တရုတ်နိုင်ငံက ၂၀၁၇အတွက် စစ်အသုံးစရိတ်ကို ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာ ဖြစ်ပြီး အသေးစိတ်ကိုတော့ လာမယ့် တနင်္ဂနွေနေ့မှာ ထုတ်ပြန်မယ်လို့ ကြေညာခဲ့ပါတယ်။
တရုတ်ရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဖုရင်က
'တရုတ်နိုင်ငံဟာ နှစ်စဉ် ကာကွယ်ရေး လိုအပ်ချက်နဲ့ စီးပွားရေး တိုးနှုန်းအရ တွက်ချက် ချိန်ဆပြီး ၂၀၁၇ မှာ စစ်အသုံးစရိတ် ၇ ရာခိုင်နှုန်း တိုးသုံးမယ်' လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒီတိုးနှုန်းအရ စစ်အသုံးစရိတ်ဟာ ၂၀၁၇ တနိုင်ငံလုံး ပြည်တွင်း အသားတင် ထုတ်ကုန်ရဲ့ ၁.၃ ရာခိုင်နှုန်းရှိမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် စစ်အသုံးစရိတ် အများဆုံးဖြစ်ပေမယ့် အမေရိကန်ကတော့ သူ့ထက် သုံးဆ များနေပါသေးတယ်။
ဒါပေမယ့် တရုတ်ကို စောင့်ကြည့် အကဲခတ်သူတွေကတော့ တရုတ် တကယ်သုံးတဲ့ စရိတ်ဟာ ဒီထက် များနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
မစ္စ ဖုရင်ကတော့ အမေရိကန်ဘက်က ဒီကိစ္စအပေါ် သူတို့ စစ်အသုံးစရိတ်ကို ကျော်သွားလိမ့်မယ်လို့ စိုးရိမ်မှုတွေ ရှိပေမယ့် လက်တွေ့မှာ တရုတ်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်ပြီး အမေရိကန်ကို မှီဖို့ အများကြီးလိုသေးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
လောလောဆယ် အမေရိကန်ရဲ့ စစ်အသုံးစရိတ်ဟာ ဘီလီယံ ၆၀ဝ ဝန်းကျင်ရှိနေပြီး တရုတ်ကတော့ ဘီလီယံ ၂၀ဝ ကျော် ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း အမေရိကန်ရဲ့ စစ်အသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့နှစ်တွေ အတွင်းမှာ စစ်တပ်ထက်စာရင် လေယာဉ်တင် သင်္ဘောနဲ့ တာဝေး ဗုံးကြဲလေယာဉ်လို သူ့ရဲ့ အင်အား အလှမ်းကျယ်မှုကို ပြသနိုင်တဲ့ နည်းပညာတွေမှာပဲ အာရုံစိုက် လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။
အခုလို တိုးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ၂၀၁၅ စစ်အသုံးစရိတ် ထက် ၁၀ ရာခိုင်နှုန်း လျှော့နေသေးပြီး အခုတကြိမ်ကိုပါတွက်ရင် တရုတ်အတွက် သုံးနှစ်ဆက်တိုက် စစ်အသုံးစရိတ် တိုးနှုန်းကို လျှော့ချလာတာ ဖြစ်ပါတယ်။
ဒီတိုးမြှင့်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း တရုတ်ရဲ့ ပါလီမန် ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးစတဲ့ အချိန်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
တရုတ်ဟာ တောင်တရုတ် ပင်လယ်က နယ်နမိတ် အငြင်းပွားမှုတွေ ရှိနေတဲ့ နေရာမှာ ကျွန်းတုတွေ ဆောက်လုပ်နေပြီး ဒီကျွန်းတွေကို စစ်ရေးအရ မသုံးဘူးလို့ ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ ကာကွယ်ရေး ရည်ရွယ်ချက်နဲ့ လိုအပ်ချက်အရ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ထားတယ်လို့ ဝန်ခံခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်က နယ်နမိတ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိခဲ့သလို အမေရိကန်ရဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘောကို တရုတ်ဘက်က သိမ်းယူထားပြီးမှ ပြန်ပေးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အလားတူပဲ တရုတ် သင်္ဘောတွေဟာ ဒီဒေသက ဖိလစ်ပိုင်နဲ့ ဗီယက်နမ် သင်္ဘောတွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ဖူးပေမယ့် ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးကတော့ သမ္မတ ဒူတားတေး တရုတ်ကို သွားရောက်ပြီး နောက်ပိုင်း ပြန်လည် တိုးတက်လာခဲ့ပါတယ်။
ဒီဒေသမှာ တရုတ်နဲ့ အလားတူ နယ်နမိတ် ပြဿနာတွေ ရှိနေတဲ့ ဂျပန်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက စံချိန် တင်တိုးထားတဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ကြေညာထားတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတဲ့အတွက် ဒေသတွင်း တင်းမာမှုတွေ ဆက်ရှိနေနိုင်ပါတယ်။

တောင်တရုတ် ပင်လယ် အရေး တရုတ် အပြင်းအထန် တုံ့ပြန်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဖြစ်လာမယ့်သူရဲ့ စကား အပေါ် တရုတ် အပြင်းအထန် တုံ့ပြန်