တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ မိုးကြီးမြေပြိုပြီး လူတရာကျော် ပျောက်နေ

ဓာတ်ပုံ မူပိုင် Reuters
Image caption အခုလို မြေပြိုမှုကြောင့် မင်ကျန်မြစ်လည်း ၂ ကီလိုမီတာလောက် ပြိုလာတဲ့ မြေကြီးနဲ့ ကျောက်တုံးတွေ ပိတ်ဆို့

တရုတ်နိုင်ငံရဲ့ အနောက်ဘက်စွန်မှာရှိတဲ့ စီချွမ်ပြည်နယ်က အကြီးအကျယ် မြေပြိုမှုတွေ ဖြစ်အပြီးမှာ ကယ်ဆယ်ရေးသမားတွေဘက်က အင်အား အပြည့်စိုက်ထုတ်ပြီး ကယ်ဆယ်ပေးကြဖို့ တရုတ်သမ္မတ ရှီဂျင်ပင်းက ဆော်သြလိုက်ပါတယ်။

စီချွမ်ပြည်နယ်အတွင်း ရက်အတော်ကြာ မိုးရွာသွန်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ သောကြာနေ့ညမှာ တောင်စွန်းတခု မြေပြိုခဲ့တဲ့အတွက် မောင်ရှန်မြို့နယ် ရှင်းမိုရွာက အိမ်ခြေ လေးဆယ်လောက်ကို မြေကြီးနဲ့ ကျောက်တုံးတွေ ဖုံးလွှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

အခုလို မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၁၂၀ ကျော်ရှိတယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပြီး အေအက်ဖ်ပီ သတင်းဋ္ဌာနရဲ့အဆိုအရ လင်မယား နှစ်ယောက်နဲ့ ကလေးငယ်တဦးကိုပဲ အသက်ရှင်လျက် ကယ်တင်ထားနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ရုပ်အလောင်း ငါးလောင်းကို ကယ်ဆယ်ရေးသမားတွေက တွေ့ရှိထားပြီး ကျောက်တုံးတွေကို ဖယ်ရှားဖို့အတွက် မြေတူးစက်၊ မြေရှင်းစက် အပါအဝင် ကိရိယာမျိုးစုံသုံးပြီး ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

အခုလို မြေပြိုမှု အခြေအနေဆိုးသွားရတာဟာ အဲဒီဒေသတဝိုက် မိုးရေစီးဆင်းမှုကို ဟန့်တားနိုင်တဲ့ သစ်ပင်မရှိတာကလည်း တကြောင်းဖြစ်တယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။

အခုလို မြေပြိုမှုကြောင့် မင်ကျန်မြစ်လည်း ၂ ကီလိုမီတာလောက် ပြိုလာတဲ့ မြေကြီးနဲ့ ကျောက်တုံးတွေ ပိတ်ဆို့သွားတယ်လို့သိရပါတယ်။