ကိုလမ်ဘီယာမှာ FARC သူပုန်အဖွဲ့ တရားဝင် ဖျက်သိမ်း

ဓာတ်ပုံ ရင်းမြစ်, AFP
လက်နက်ဖျက်သိမ်းတဲ့ အခမ်းအနားကို သမ္မတ Santos နဲ့ FARC သူပုန်ခေါင်းဆောင် Timochenko တို့ တက်ရောက်ခဲ့
ကိုလမ်ဘီယာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကြာ လက်နက်ကိုင် ပုန်ကန် တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂သိန်း ၅သောင်း အသက်ဆုံးရှုံးခဲ့ရအပြီး FARC သူပုန်တွေက သူတို့အဖွဲ့ကို တရားဝင် ဖျက်သိမ်းလိုက်ပါတယ်။
Mesetas မြို့နားမှာ ကျင်းပတဲ့ အခမ်းအနားပွဲမှာ FARC သူပုန်ခေါင်းဆောင် Rodrigo Londonoက သူတို့အဖွဲ့ကို အခုအခါ ငြိမ်းချမ်းတဲ့ နည်းနဲ့ နိုင်ငံရေးလှုပ်ရှားတဲ့ အဖွဲ့တဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းမယ်လို့ ပြောသွားပါတယ်။
သမ္မတ Juan Manuel Santos က ကိုလမ်ဘီယာနိုင်ငံဟာ လက်နက်တွေနေရာမှာ တွေ့ဆုံဆွေးနွေးတဲ့ နည်းကို အစားထိုး ကျင့်သုံးတဲ့ အထိမ်းအမှတ်နေ့ တနေ့ကို ဆင်နွဲနေကြတယ်လို့ ပြောသွားပါတယ်။
အဲဒီအခမ်းအနားမှာ ငြိမ်းချမ်းရေး သင်္ကေတအဖြစ် သူပုန်တွေနဲ့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက အဖြူရောင် အဝတ်တွေ ဝတ်ဆင်ထားကြပြီး လိပ်ပြာ အဖြူ ရာပေါင်းများစွာကိုလည်း ဘေးမဲ့ လွှတ်ပေးခဲ့ကြပါတယ်။