ပိုလန်မှာ တရားစီရင်ရေးပိုင်း လွှမ်းမိုးခံရတယ်ဆိုပြီး ဆန္ဒပြ
ပိုလန်မှာ လုပ်ခဲ့တဲ့ ဥပဒေ ပြုပြင်ပြောင်းလဲမှုတွေကြောင့် တရားစီရင်ရေးကဏ္ဍရဲ့ သီးခြားအာဏာဆုံးရှုံးနေတယ်ဆိုပြီး အတိုက်အခံနဲ့လူ့အခွင့်အရေးသမားတွေက စီစဉ်တဲ့ မြို့တော် ဝါဆောက ဆန္ဒပြပွဲတွေမှာ လူထောင်ချီပြီး တက်ရောက်ခဲ့ပါတယ်။
စနေနေ့က ပိုလန်အထက်လွှတ်တော်မှာ ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်အရ ဥပဒေပြုရေးကဏ္ဍဖြစ်တဲ့ လွှတ်တော်က တရားရေးနဲ့ မတိုင်ပင်ပဲ တရားစီရင်ရေးကဏ္ဍဖြစ်တဲ့ ဒေသတွင်း တရားသူကြီးတွေ ခန့်မယ့် အပိုင်းကို ထိန်းချုပ်မှာ ဖြစ်တဲ့အတွက် အခုလို ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပိုလန်ရဲ့ တရားစီရင်ရေး ကဏ္ဍဟာ အခွင့်ထူးခံတွေကိုပဲ မျက်နှာသာပေးနေတဲ့အတွက် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ် ဆိုပြီး အစိုးရက ကာကွယ်ပြောဆိုထားပါတယ်။
အခုနောက်ဆုံး သတ်မှတ်လိုက်တဲ့ လွှတ်တော်ပိုင်း အာဏာပိုရလာမယ့် ဥပဒေကို ပိုလန်သမ္မတ အန်ဂျေး ဒူဒါက နောက်ဆုံး လက်မှတ်ထိုး အတည်ပြုပေးဖို့တော့ ကျန်နေပါသေးတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တင်သွင်းထားတဲ့ ဥပဒေမှာ ဆိုရင်လည်း အုပ်ချုပ်ရေးကဏ္ဍက ဖြစ်တဲ့ အစိုးရဟာ တရားရုံးချုပ် တရားသူကြီးတွေအကုန်လုံးကို အစားထိုးနိုင်တဲ့ အာဏာရမယ့် အချက်တွေ ပါဝင်နေပါတယ်။
ဒါတွေဟာ အာဏာရပါတီက အာဏာအပြည့်သိမ်းလိုက်တာနဲ့ အတူတူပဲလို့လည်း ပိုလန်ရဲ့ အတိုက်အခံ ခေါင်းဆောင် ဂျဲဂေါ့ ရှကယ်တယ်နာ က ပြောဆိုထားပါတယ်။
ဒီလအစောပိုင်းမှာလည်း ဥရောပ လူ့အခွင့်အရေး ကောင်စီရဲ့ မဟာမင်းကြီး နီးလ်စ် မူအီးစ်ညက်စ်က ပိုလန်က ပြုပြင်ပြောင်းလဲမှုတွေကြောင့် တရားစီရင်ရေးအာဏာရဲ့ သီးခြား အဆင့်အတန်း ကျဆင်းနိုင်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဥရောပပါလီမန်ရဲ့ ဥရောပပြည်သူများပါတီ အုပ်စုရဲ့ ခေါင်းဆောင် မန်းဖရက် ဝေဗာကလည်း ပိုလန်ရဲ့ ဥပဒေနဲ့ တရားမျှတရေးပါတီဟာ တရားဥပဒေစိုးမိုးရေးကို အဆုံးသတ်လိုက်ပြီး ဥရောပလူ့အဖွဲ့အစည်းရဲ့ တန်ဖိုးကနေ စွန့်ခွာနေတယ်လို့ ဝေဖန်ထားပါတယ်။
ပိုလန်အစိုးရရဲ့ ဒီပြုပြင်ပြောင်းလဲမှုတွေကို ပိုလန်ပြည်သူကြားမှာ ထောက်ခံမှုရှိပေမယ့် ပြုပြင်ပြောင်းလဲမှုတော့ မဟုတ်ပဲ နိုင်ငံရေးအရ ထိန်းချုပ်မှုရဖို့ အာဏာရပါတီက ကြိုးစားတယ်လို့ ယူဆကြောင်း ဘီဘီစီရဲ့ ပိုလန်အခြေစိုက် သတင်းထောက် အဒမ် အီစတန်က ပြောပါတယ်။