တူရကီကို ခရီးမသွားဖို့၊ စီးပွားရေး မလုပ်ဖို့ ဂျာမနီ အစိုးရ ညွှန်ကြားနေ

G20 အစည်းအဝေးမှာ အတူတွေ့ခဲ့ရတဲ့ တူရကီ ဂျာမနီ ခေါင်းဆောင် နှစ်ဦး
တူရကီ နိုင်ငံထဲ သမ္မတ အာဒိုအန် အစိုးရက လူတွေကို စည်းကမ်းနည်းလမ်း တကျ မရှိပဲ ဖမ်းဆီးတာမျိုးတွေ ပြုလုပ် နေတယ် လို့ ဂျာမနီ အစိုးရက ပြစ်တင် ပြောဆို လိုက်ပြီး တူရကီ အပေါ် တန်ပြန် အရေးယူမှု တချို့ စတင် ပြုလုပ် လာပါတယ်။
တူရီကီ လုံခြုံရေး တပ်ဖွဲ့က အခုလ အစောပိုင်းတုန်းက ဖမ်းဆီးခဲ့တဲ့ လူအခွင့်အရေး လှုပ်ရှားသူ ၆ ယောက်ထဲ ဂျာမနီ နိုင်ငံသား ဖြစ်တဲ့ ပေတာ ရွှိုက်တနာ နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International ရဲ့ တူရကီ နိုင်ငံ ဆိုင်ရာ အကြီးအကဲ အစ်ဒဲလ် အက်စ်ဆရ် တို့ ပါဝင် နေတဲ့ အပေါ် ဂျာမနီ အာဏာပိုင်တွေ ဒေါသထွက် နေတာ ဖြစ်ပါတယ်။
တူရကီ အစိုးရ အခုလိုပုံ ကျူးလွန်မှုတွေနဲ့တော့ ဂျာမနီ အနေနဲ့ ရှေ့လျှောက် ဆက်ဆံရေး ဆက်လက် မထားရှိ နိုင်တော့ဘူး ဆိုပြီး ဂျာမနီ နိုင်ငံခြားရေး ဌာနက ပြင်းပြင်းထန်ထန် ပြောဆို ပါတယ်။
တူရကီ ပေါ် ထားရှိတဲ့ ဂျာမနီ မူဝါဒ တစ်ခုလုံးကို ပြင်ဆင် ပြောင်းလဲမယ် ဆိုပြီး ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဆစ်ဂ်မာ ဂေဘရီရယ်က ဘာလင်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆို သွားပါတယ်။
တူရကီ နိုင်ငံကို ခရီးမသွားဖို့ ဂျာမနီ နိုင်ငံသားတွေကို နိုင်ငံခြားရေး ဌာနက သတိပေးနေပြီး တရားဥပဒေ စိုးမိုးမှု မရှိတဲ့ တူရကီ နိုင်ငံမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုတွေ မလုပ်ကြနဲ့ ဆိုပြီး တော့လည်း ထုတ်ပြန် လာပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတဲ့ ကိစ္စ အပေါ် ကန့်ကွက်ကြောင်း ဘာလင်မြို့မှာ ရှိတဲ့ တူရကီ သံအမတ်ကို ဆင့်ခေါ်ပြီး တရားဝင် ပြောဆို ခဲ့ပြီး ဖြစ်ပါတယ်။
တူရကီ အနေနဲ့ ဂျာမနီနဲ့ကြား ဆက်ဆံရေး ကောင်းချင်တယ် ဆိုရင် ဂျာမနီက တန်ဖိုးထား လိုက်နာတဲ့ ဥရောပ စံတန်ဖိုးတွေ ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆို ကြံဆ နိုင်ခွင့် ၊ အနုပညာနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် တို့ကို လေးစား လိုက်နာ ဖို့ လိုတယ် ဆိုပြီးတော့လည်း ဝန်ကြီး ဂေဘရီရယ်က ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ဥရောပသမဂ္ဂ အဖွဲ့ အီးယူ ထဲ ဝင်ဖို့ လျှောက်ထားထားတဲ့ တူရကီရဲ့ သဘောဆန္ဒကို ကျန် အီးယူ အဖွဲ့ဝင် နိုင်ငံတွေနဲ့ကြား ဆွေးနွေး သွားမယ် ဆိုပြီး တော့လည်း ဝန်ကြီး ဂေဘရီရယ်က ပြောလာတဲ့ အတွက် တူရကီ အီးယူအဖွဲ့ဝင် ဖြစ်လာရေးဟာ အတော်လေး မသေမချာ မရေရာ အခြေအနေကို ကျရောက် သွားပါတယ်။
အီးယူထဲ ဩဇာကြီးတဲ့ ဂျာမနီနဲ့ကြား ဆက်ဆံရေး ပျက်ပြားသွားရင် တူရကီအနေနဲ့
အီးယူ အဖွဲ့ဝင် ဖြစ်လာဖို့ အခွင့်အလမ်း အတော်လေး ထိခိုက် သွားလိမ့်မယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
တူရကီကတော့ ဂျမနီရဲ့ အခုလို ပြောဆို လုပ်ဆောင် လာမှုတွေဟာ ဘယ်လိုမှ လက်ခံ နိုင်ဖွယ်ရာ မရှိသလို၊ တူရကီရဲ့ တရားစီရင်ရေး အာဏာအပေါ် ဂျာမနီက တိုက်ရိုက် စွက်ဖက် တာပဲ လို့ တုံ့ပြန်ပါတယ်။
ဂျာမနီက ထောက်ပြနေတဲ့ တူရကီ နိုင်ငံထဲက လက်လွတ်စပယ် ဖမ်းဆီးမှုတွေ ဆိုတာ သမ္မတ အာဒိုအန် ပြီးခဲ့တဲ့နှစ် တုန်းက တွေ့ကြုံ ခဲ့ရတဲ့ အာဏာသိမ်းဖို့ ကြံစည် ခံခဲ့ရတဲ့ နောက်ပိုင်း အရေးယူ ကိုင်တွယ် လာတာတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
လူ ၅ သောင်းကျော် အဖမ်းခံခဲ့ရတာမှာ စာနယ်ဇင်း သမား အယောက် ၁၇ဝ အပြင်၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အများအပြား ပါဝင်ပါတယ်။