အရှေ့ဂျေရူဆလင်ပဋိပက္ခမှာ ပါလက်စတိုင်း၃ဦးသေ

ပါလက်စတိုင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အနောက်ဘက် ကမ်းခြေ ဒေသမှာလည်း အလားတူ ပဋိပက္ခတွေ ရှိခဲ့ပြီး ပါလက်စတိုင်းအဖွဲ့တွေဟာ အစ္စရေး လုံခြုံရေးကို တုန့်ပြန်တဲ့အနေနဲ့ ဒေါသူပုန်ထတဲ့နေ့ဆိုပြီး ဆန္ဒပြပွဲတွေ ဆင်နွှဲနေ

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ တဝက်စီ ခန့်ခွဲကြတဲ့ ဂျေရူဆလင်မြို့မှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေး ရဲတွေ ပဋိပက္ခ ဖြစ်ခဲ့ကြလို့ ပါလက်စတိုင်း သုံးဦး သေဆုံးခဲ့ပြီး လူ ၁၅၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ပြောပါတယ်။

ပါလက်စတိုင်းဒေသရဲ့ အနောက်ဘက် ကမ်းခြေ ဒေသမှာလည်း အလားတူ ပဋိပက္ခတွေ ရှိခဲ့ပြီး ပါလက်စတိုင်းအဖွဲ့တွေဟာ အစ္စရေး လုံခြုံရေးကို တုန့်ပြန်တဲ့အနေနဲ့ ဒေါသူပုန်ထတဲ့နေ့ဆိုပြီး ဆန္ဒပြပွဲတွေ ဆင်နွှဲနေခဲ့တာ ဖြစ်ပါတယ်။

ဂျူးလူမျိုးတွေက Temple Mount ဘုရားသခင်ကျောင်းတော်လို့ အမည်ပေးထားပြီး မူဆလင်တွေက အထွတ်အမြတ် ရိပ်သာ ဟာရမ် အယ် ရှရစ်ဖ် လို့ ခေါ်တဲ့ ဂျေရူဆလင်မြို့က ဘုရားကျောင်းကို အသက် ၅၀ အောက် အမျိုးသားတွေ မဝင်ရဘူးဆိုပြီး အစ္စရေးရဲတွေက ကန့်သတ်ပြီးတဲ့နောက်မှာ အခုလို ရဲနဲ့ အာရပ်တွေ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။

အခုလို ထိပ်တိုက်တွေ့မှုတွေမှာ အစ္စရေးရဲ လေးယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ အစ္စရေးရဲ အရာရှိ ၂ ယောက် ပစ်သတ်ခံရပြီးနောက်ပိုင်းမှာ ရဲတွေက ဒီကျောင်းဝင်းအတွင်းက အယ် အာ့က်စာ ဗလီကို ဝင်ခွင့် ကန့်သတ်ခဲ့ပြီး လုံခြုံရေးတင်းကြပ်ခဲ့တဲ့အတွက် ပါလက်စတိုင်း အာရပ်တွေက ဗလီပြင်ပမှာ ဝတ်ပြုရာကနေ အခြေအနေတွေ တင်းမာလာခဲ့တာပါ။

အခုလို ဗလီအဝင်မှာ လုံခြုံရေး တင်းကြပ်ရတာနဲ့ ပတ်သက်ပြီး အစ္စရေးပညာရေးဝန်ကြီး နတ်ဖ် တယ်လီ ဘန်းနက်က

'အစ္စရေးရဲ ၂ ယောက်ကို ကြိုတင်အကြမ်းဖက် သတ်ဖြတ်မှု ဖြစ်ပြီးနောက်ပိုင်းမှ အခုလို အခြေအနေဆိုးလာတာပါ၊

ကမ္ဘာပေါ်က အထိရှ မခံနိုင်ဆုံး ဒီနေရာမှာ လုံခြုံရေး တင်းကြပ်ဖို့က လွဲပြီး တခြားနည်းလမ်း မရှိဘူး' လို့ ပြောဆိုထားခဲ့ပါတယ်။

ဂျေရူဆလင်မြို့ရဲ့ အရှေ့ခြမ်းမှာရှိတဲ့ အဲဒီ ဘုရားကျောင်းဝင်းနေရာကို ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒီဘုရားကျောင်းနဲ့ ဝင်းထဲက ဗလီအဝမှာ ထားရှိတဲ့ သတ္ထုအချက်ပေးစက် အပါအဝင် လုံခြုံရေး တင်းကြပ်ထားတာကို ဖယ်မပေး မချင်း ဒီထဲကို ပါလက်စတိုင်းတွေဘက်က ဝင်ရောက် ဝတ်ပြုမှာမဟုတ်ပဲ ပြင်ပမှာပဲ ဝတ်ပြု ဆန္ဒပြသွားမယ်ဆိုပြီး ပါလက်စတိုင်းတွေက ပြောဆိုထားပါတယ်။