ပိုလန်ဥပဒေပြင်ဆင်မှု ပြည်တွင်းပြည်ပ ဝေဖန်တာကို အစိုးရပယ်ချ

ဓာတ်ပုံ ရင်းမြစ်, Reuters
ပိုလန်ပါလီမန်ကလည်း ဒေသတွင်းနဲ့ တရားရုံးချုပ် တရားသူကြီးချုပ်တွေကို စကာတင်ရွေးခွင့်ရှိတဲ့ အမျိုးသား တရားရေးကောင်စီကို ရွေးချယ်ခွင့်အာဏာ ရထား
ပိုလန်နိုင်ငံမှာ အစိုးရအတွက် တရားရုံးချုပ် တရားသူကြီးတွေ အကုန်လုံး အစာထိုးနိုင်မယ့် အာဏာ ရတော့မယ့် ဥပဒေပြောင်းလဲရေး လုပ်နေတာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ကန့်ကွက်မှုတွေကို ပိုလန်အစိုးရက ပယ်ချလိုက်ပါတယ်။
အခုလို တရားစီရင်ရေးကဏ္ဍအတွက် အဓိကဖြစ်တဲ့ တရားရုံးချုပ် တရားသူကြီး အားလုံးကို အစားထိုး ခန့်အပ်ခွင့် အာဏာပေးမယ့် ဥပဒေကို ဇူလိုင်လ ၂၂ ရက်နေ့မှာ အထက်လွှတ်တော်က ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိခဲ့တဲ့ကြားက အတည်ပြုလိုက်တာ ဖြစ်ပေမယ့် အာဏာရပါတီဝင် သမ္မတဖြစ်သူက လက်မှတ်ထိုးပြဋ္ဌာန်းပေးဖို့တော့ ကျန်နေပါသေးတယ်။
ဒီဥပဒေကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ အီးယူ တို့ကလည်း ကန့်ကွက်ဝေဖန်ခဲ့ပြီး ပိုလန်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တရားစီရင်ရေးကဏ္ဍကို လေးစားဖို့ အမေရိကန်က ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်က အခုလို ဝေဖန်တာဟာ စောလွန်းတယ်ဆိုပြီး ပိုလန်အစိုးရက တုန့်ပြန်ထားပါတယ်။
ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌကဆိုရင်လည်း ပိုလန်ကို ဥရောပသမဂ္ဂအစည်းအဝေးတွေမှာ မဲပေးခွင့် ရုတ်သိမ်းတဲ့အထိ ဒဏ်ခတ်ဖို့ စဉ်းစားနေတယ်လို့ ပြောဆိုထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အီးယူက ပိုလန်ကို ဒဏ်ခတ်လာမယ်ဆိုရင် ဥပဒေပိုင်းအရ နည်းလမ်းပေါင်းစုံသုံးပြီး တန်ပြန်ဖို့ ကူညီပေးမယ်ဆိုပြီး ဟန်ဂေရီဝန်ကြီးချုပ်က သူ့ရဲ့ ရိုမေးနီးယား ခရီးစဉ်မှာ ပြောဆိုထားပါတယ်။
ဒီဥပဒေသာ အတည်ဖြစ်ခဲ့ရင် တရားစီရင်ရေးရဲ့ သီးခြားအာဏာဆုံးရှုံးမယ့် အခြေအနေပဲလို့ အတိုက်အခံ အမတ်တွေနဲ့ ဝေဖန်သူတွေက ပြောနေပေမယ့် အစိုးရကတော့ အကျင့်ပျက်ခြစားမှုရှိနေတဲ့ တရားရေးစနစ်ကို ပြုပြင်ရမယ်လို့ တုန့်ပြန်ထားပါတယ်။
ပိုလန်ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ လက်ရှိ ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တွပ်က်စ်ကတော့ ဒါဟာ ပိုလန်နိုင်ငံရေး တိုးတက်မှု နောက်ပြန်ဆုတ်တာဖြစ်ပြီး ဥရောပရဲ့ စံတန်ဖိုးတွေနဲ့ ဆန့်ကျင်နေတယ်လို့ ဝေဖန်ထားပါတယ်။
လောလောဆယ်မှာ ပိုလန်ပါလီမန်ကလည်း ဒေသတွင်းနဲ့ တရားရုံးချုပ် တရားသူကြီးချုပ်တွေကို စကာတင်ရွေးခွင့်ရှိတဲ့ အမျိုးသား တရားရေးကောင်စီကို ရွေးချယ်ခွင့်အာဏာ ရထားတဲ့အတွက် ပိုလန်ရဲ့ တရားစီရင်ရေးကဏ္ဍ သီးခြားအာဏာ ဆုံးရှုံးနေတယ် ဆိုပြီး ဝေဖန်မှုတွေ ပိုများလာတာ ဖြစ်ပါတယ်။
နောက်ဆုံးအခြေအနေအရ ပိုလန်သမ္မတက အခုလို ဥပဒေပြုပြင်ပြောင်းလဲမှုတွေကို တချက်လွှတ် ဗီတိုအာဏာသုံးပြီး ပယ်ဖျက်ပေးဖို့ ပိုလန်ပြည်သူတွေက ဆန္ဒပြ တောင်းဆိုမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ပိုလန်မှာ တရားစီရင်ရေးပိုင်း လွှမ်းမိုးခံရတယ်ဆိုပြီး ဆန္ဒပြ
ဥပဒေ ပြုပြင်ပြောင်းလဲမှုတွေကြောင့် တရားစီရင်ရေးကဏ္ဍရဲ့ သီးခြားအာဏာဆုံးရှုံးနေတယ်ဆိုပြီး အတိုက်အခံနဲ့လူ့အခွင့်အရေးသမားတွေက စီစဉ်တဲ့ မြို့တော် ဝါဆောက ဆန္ဒပြပွဲတွေမှာ လူထောင်ချီပြီး တက်ရောက်