ထရမ့်က သူ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ အာဏာရှိတယ်လို့ဆို

သမ္မတထရမ့်ဟာ ရုရှားနဲ့ ပူးပေါင်းကြံစည်မှုရှိမရှိ စုံစမ်းစစ်ဆေးခံနေရ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

သမ္မတထရမ့်ဟာ ရုရှားနဲ့ ပူးပေါင်းကြံစည်မှုရှိမရှိ စုံစမ်းစစ်ဆေးခံနေရ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့မှာလွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ အကြွင်းမဲ့အာဏာရှိတယ်လို့ တွတ်တာပေါ်မှာ အကျောက်အကန်ပြောဆိုလိုက် ပါတယ်။

တကယ်လို့ အထူးစုံစမ်းစစ်ဆေးရေးပြုလုပ်ပြီး သူဟာ ဒါမှမဟုတ် သူ့လက်အောက်ငယ်သားတယောက်ယောက် ဟာ အမေရိကန်ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ရုရှားနဲ့ ပူးပေါင်းကြံစည်မှုတွေလုပ်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ စုံစမ်းတွေ့ရှိခဲ့ရင် သူနဲ့ သူ့မိသားစုဝင်တွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်မယ့်နည်းလမ်းတွေကို သမ္မတထရမ့်က ရှာဖွေနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အခုလိုတွတ်တာပေါ်က ငြင်းခုံမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီလိုသတင်းတွေထွက်ပေါ်နေတာကို ကြားရတာဟာ သိပ်ကို စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ် လို့ ဒီမိုကရက်တစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။

ရောဘတ်မူလာ ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အခုအခါမှာ စုံစမ်းစစ်ဆေးရေးနယ်ပယ်ကိုချဲ့ထွင်ပြီး သမ္မတထရမ့်ရဲ့ ဘဏ္ဌာရေးကိစ္စတွေကိုပါစုံစမ်းတော့မှာဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ရဲ့ သားနဲ့ သားမက်တို့ကို လည်း ပြီးခဲ့တဲ့နှစ်တုန်းက ရုရှားရှေ့နေနဲ့တွေ့ဆုံခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နောက်အပတ် လွှတ်တော်မှာလာရောက်အစစ်ဆေးခံဖို့ ဆင့်ခေါ်ထားပါတယ်။