ဂျေရူဆလင်က အယ်အက်စာဗလီမှာ လုံခြုံရေးထပ်တိုး

ပါလက်စတိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

မွတ်ဆလင်တွေ အထွတ်အမြတ်ထားတဲ့ နေရာကို အစ္စရေး အာဏာပိုင်တွေက ထိန်းချုပ်ထားဖို့ ကြိုးစားနေတယ်ဆိုပြီး ပါလက်စတိုင်းတွေက ဝေဖန်နေ

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ တဝက်စီ ခန့်ခွဲကြတဲ့ ဂျေရူဆလင်ရဲ့ မြို့ဟောင်းနေရာအတွင်းက အယ် အက်စာ ဗလီမှာ လုံခြုံရေးတင်းကြပ်တယ်လို့ ပါလက်စတိုင်းတွေ ဝေဖန်နေတဲ့ ကြားက စောင့်ကြည့်ရေး ကင်မရာတွေကိုပါ အစ္စရေး အာဏာပိုင်တွေက တပ်ဆင်လိုက်ပါတယ်။

ဒီဗလီမှာ လုံခြုံရေးတင်းကြပ်နေတာနဲ့ ပတ်သက်ပြီး အရှေ့ဂျေရူဆလင်မှာ နေထိုင်တဲ့ မစ္စတာ အာရက် အဘူ လစ်ဘ်ဒါးက

'အခုရှိနေတဲ့ သတ္တုရှာဖွေစက်တွေက ကျနော်တို့ အထွတ်အမြတ်ထားတဲ့နေရာနဲ့ သဟဇာတ မဖြစ်ပါဘူး။

ကျနော်တို့ မူဆလင်တွေအနေနဲ့ လွတ်လပ်လပ်လပ် ဝတ်ပြုခွင့် ရသင့်ပါတယ်' လို့ သတင်းသမားတွေ ပြောဆိုခဲ့ပါတယ်။

အဲဒီ အယ် အက်စာ ဗလီဟာ အစ္စရေးနိုင်ငံရဲ့ ဂျူးဘာသာဝင်တွေက ဘုရားသခင်ကျောင်းတော် လို့ ခေါ်ကြပြီး မွတ်ဆလင်တွေက အထွတ်အမြတ်ရိပ်သာ ဟာရမ် အယ် ရှရစ်ဖ် လို့ခေါ်ကြတဲ့ ဘုရားကျောင်းဝင်းထဲမှာ ရှိတာ ဖြစ်ပါတယ်။

အခုလို မွတ်ဆလင်တွေ အထွတ်အမြတ်ထားတဲ့ နေရာကို အစ္စရေး အာဏာပိုင်တွေက ထိန်းချုပ်ထားဖို့ ကြိုးစားနေတယ်ဆိုပြီး ပါလက်စတိုင်းတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဒီဗလီအဝမှာ ထားရှိတဲ့ သတ္တုရှာဖွေစက်တွေကို ဖြုတ်နိုင်ချေ ရှိတယ်လို့ အစ္စရေးအကြီးတန်း လုံခြုံရေး အရာရှိတယောက်က မနေ့က ပြောခဲ့ပေမယ့် တကယ်တမ်း ဆက်ထားဦးမယ်လို့ သိရပါတယ်။

နောက်ထပ် တပ်ဆင်လိုက်တဲ့ လုံခြုံရေးကင်မရာတွေနဲ့ ပတ်သက်လို့ကတော့ ပါလက်စတိုင်းတွေဘက်က တရားဝင် တုန့်ပြန်တာ မျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အပတ်က အစ္စရေး ရဲ ၂ ယောက် ကို ပါလက်စတိုင်း ၃ ယောက်က ပစ်သတ်အပြီးမှာ အစ္စရေးလုံခြုံရေးတွေက အယ်အက်စာဗလီရှိတဲ့ ဘုရားကျောင်းဝင်းထဲကို ဝင်ခွင့်ပိတ်တာတွေ လုံခြုံရေး တင်းကြပ်တာတွေလုပ်ခဲ့ရာကနေ ဒီပဋိပက္ခတွေ စဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဗလီပြင်ပမှာ ဝတ်ပြုပြီး ဆန္ဒပြကြတဲ့ ပါလက်စတိုင်းတွေနဲ့ အစ္စရေး လုံခြုံရေးတွေ ထိပ်တိုက်တွေ့ခဲ့ကြပြီး ပါလက်စတိုင်း ၃ ဦး သေဆုံးခဲ့သလို ပါလက်စတိုင်းဒေသတဝိုက် ပျံ့နှံ့သွားတဲ့ ဒီပဋိပက္ခတွေကြောင့် ဟာလာမစ်ရှ်ဒေသက အစ္စရေး အရပ်သား ၃ ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။