မလေးရှားကို မြန်မာအလုပ်သမားတွေ စေလွှတ်မှုပြန်စ

မလေးရှား
ဓာတ်ပုံ ပုံစာ,

မလေးရှားနိုင်ငံဟာ မြန်မာ အလုပ်သမားတွေ သွားရောက် လုပ်ကိုင်တဲ့ နိုင်ငံတွေထဲက ဒုတိယ အများဆုံးသွားတဲ့ နိုင်ငံဖြစ်

မြန်မာအလုပ်သမားတွေ မလေးရှားနိုင်ငံကို စေလွှတ်မှု ၇ လကြာ ပိတ်ထားခဲ့ပေမယ့် လာမယ့် သြဂုတ်လကစပြီး ပြန်လည် စေလွှတ်တော့မယ်လို့ မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

အလုပ်သမား ညွှန်ကြားမှု ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကလည်း ယခင်က သွားခွင့်ရပြီးသားလူတွေကို စပြီး စေလွှတ်ခွင့်ပြုထားတယ်လို့ ဘီဘီစီကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

အခုလို စေလွှတ်ရာမှာ ယခင်ကတည်းက အလုပ်ခေါ်စာရပြီးတဲ့သူတွေနဲ့ မလေးရှားနိုင်ငံက မြန်မာအလုပ်သမားသံအရာရှိရဲ့ စိစစ် ခွင့်ပြုချက် လက်မှတ်ရပြီးတဲ့ လူ ၉၀ဝကို ပထမဦးစားပေး အနေနဲ့ စေလွှတ်သွားမယ်လို့ သူက ပြောပါတယ်။

အခုလို အလုပ်ခေါ်စာနဲ့ သံအရာရှိ လက်မှတ်အရ မလေးရှားကို သွားရောက်မယ့် အလုပ်သမား အရေအတွက်ကတော့ ရှစ်ထောင် ပတ်ဝန်းကျင်ရှိပြီး သူတို့ကိုလည်း နောက်ပိုင်းမှာ အသုတ်လိုက်ခွဲပြီး စေလွှတ်သွားမှာ ဖြစ်ပါတယ်။

အခုလို သွားရောက်မယ့် အလုပ်သမားတွေဟာ စက်ရုံ၊ အလုပ်ရုံနဲ့ အထည်ချုပ်စက်ရုံတွေမှာ သွားရောက်လုပ်ကိုင်ကြမှာ ဖြစ်ပြီး လာမယ့် ၂ ပတ်အတွင်း သွားရောက်ဖို့ စီစဉ်ထားသလို နောက်ထပ် တသုတ်လည်း စာရင်းတင်ထားတာ ရှိတယ်လို့ ဦးကျော်ဇောက ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာ မလေးရှားရောက် မြန်မာအလုပ်သမားတွေနဲ့ မလေးရှားအလုပ်သမားတွေအကြား ခိုက်ရန် ဖြစ်ပွားမှုတွေ ရှိခဲ့အပြီး မြန်မာအလုပ်သမားတချို့ သေဆုံးခဲ့ရတဲ့အတွက် မြန်မာနိုင်ငံက အလုပ်သမား စေလွှတ်မှုကို ၂၀၁၆ ဒီဇင်ဘာလကစပြီး ၇ လကြာ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို စေလွှတ်ရတာဟာ အခြေအနေကို သုံးသပ်ပြီးမှ လုံခြုံရေး စိတ်ချရတဲ့အတွက် စေလွှတ်လိုက်တာဖြစ်ပြီး မလေးရှားဟာ မြန်မာအလုပ်သမားတွေ အသွားများတဲ့ ဈေးကွက်တခု ဖြစ်တဲ့အပြင် အလုပ်ခေါ်စာရပြီးသား လူတွေအတွက်လည်း ဆက်ပြီး ပိတ်ထားရင် နစ်နာမှာ ဖြစ်တဲ့အတွက် ပြန်ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာလို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာ အလုပ်သမားတွေ သွားရောက် လုပ်ကိုင်တဲ့ နိုင်ငံတွေထဲက ဒုတိယ အများဆုံးသွားတဲ့ နိုင်ငံဖြစ်ပြီး အလုပ်သမား စေလွှတ်မှု မပိတ်ပင်ခင် ကာလက တလချင်း သွားရောက်သူနှုန်း သုံးထောင်ဝန်းကျင်အထိ ရှိခဲ့တယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။