အခွန်ရှောင်မှုနဲ့ စီရော်နယ်ဒို တရားရုံးရောက်

ဓာတ်ပုံ ရင်းမြစ်, AFP
ဝင်ငွေ ဒေါ်လာ သန်း ၃၀ ကျော်ကို မပြပဲ ဖုံးထားတယ်လို့ စွပ်စွဲခံနေရ
ရီးယဲလ်မက်ဒရစ်က ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒေါ်လာ သန်းပေါင်း များစွာ အခွန်ရှောင် ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေကို ဇူလိုင်လ ၃၁ ရက် တနင်္လာနေ့က စပိန် တရားရုံးမှာ လာပြီး ဖြေရှင်းခဲ့ရပါတယ်။
သူဟာ သူ့ရုပ်ပုံကို စီးပွားရေး လုပ်ငန်းတွေမှာ အသုံးပြုခွင့်က ရတဲ့ ငွေတွေ၊ နောက်ပြီး သူ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် CR7 က ရတဲ့ ဝင်ငွေတွေ အပေါ်က ပေးဆောင်ရမယ့် အခွန် စုစုပေါင်း ဒေါ်လာ ၁၇ သန်း (ယူရို ၁၅ သန်းနီးပါး) လောက်ကို မကြေညာပဲ ထိမ်ချန် ထားတယ်လို့ စွပ်စွဲခံ ထားရတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြည်ပမှာ ဘဏ်စာရင်းတွေ ဖွင့်ထားပြီး အခွန်တွေ ရှောင်နေတာ မဟုတ်ပါဘူးလို့ သူ့ရဲ့ အေးဂျင့်ကတော့ ငြင်းထားပါတယ်။
အပြစ်ရှိကြောင်း တွေ့ရရင် ရော်နယ်ဒို ထောင်ဒဏ် ကျခံရနိုင်ပါတယ်။
ရော်နယ်ဒိုဟာ မက်ဒရစ်မြို့ပြင်က တရားရုံးမှာ တစ်နာရီခွဲကြာ လာအစစ်ခံပြီးတဲ့နောက် ရုံးပြင်မှာ စောင့်နေတဲ့ သတင်းသမား တွေနဲ့ မတွေ့ပဲ တရားရုံးနောက်ဖက် အပေါက်က ပြန်ထွက်သွား ခဲ့ပါတယ်။ သူ့ ပြောခွင့်ရ အီနာကီ တောရက်စ် ကတော့ အဆင်ပြေပါတယ်။ အားလုံး ဖြေကြားခဲ့ပြီးလို့ ရော်နယ်ဒို အိမ်ပြန်သွားပါပြီလို့ သတင်းထောက်တွေကို ပြောခဲ့တဲ့အခါ သတင်းသမားတွေက စိတ်ဆိုး ဒေါသထွက် ခဲ့ကြပါတယ်။
ဘာစီလိုနားအသင်းက ကမ္ဘာကျော် အာဂျင်တီးနား ဘောလုံးသမား လီယွန်နယ်မက်ဆီလည်း အလားတူ အခွန်ရှောင်တဲ့ စွဲချက်တွေနဲ့ ထောင် ၂၁ လ ကျခံဖို့ တရားရုံးက ပြီးခဲ့တဲ့နှစ်က ပြစ်ဒဏ်ချခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက ဒီလ အစောပိုင်းမှာ ပြစ်ဒဏ်ကို ပြင်ဆင်ပြီး ဒဏ်ငွေ ယူရို နှစ်သိန်းခွဲပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။