မြောက်ကိုရီးယားကို အရေးယူတာ အကျိုးမရှိလို့ ပူတင်ဆို

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုတွေ အရှိန်မြှင့်နေတာနဲ့အတူ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

မြောက်ကိုရီးယားရဲ့ နျူကလီးယား အရှိန်မြှင့်တင်မှုနဲ့အတူ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်

မြောက်ကိုရီးယားနိုင်ငံ အပေါ် နောက်ထပ် အရေးယူ ပိတ်ဆို့တာတွေ လုပ်ဖို့ ကြိုးစားနေတာက အကျိုးမရှိဘူးလို့ ရုရှ သမ္မတ ဗလာဒီမီယာပူတင်က ဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို လက်လျှော့ဖို့ထက် မြက်စားပြီး နေသွားဖို့ ရှိတယ်လို့လည်း မစ္စတာ ပူတင်က ပြောလိုက်ပါတယ်။

တနင်္ဂနွေနေ့က စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ အဏုမြူဗုံး ဖောက်ခွဲမှု အတွက် တန်ပြန် အပြစ်ပေးတဲ့ အနေနဲ့ ကုလသမဂ္ဂကနေ ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူတာတွေ လုပ်မယ်လို့ အမေရိကန်က တနင်္လာနေ့မှာ ဆိုထားတာပါ။

မြောက်ကိုရီးယား အရေးမှာ စိတ်ချောက်ခြားပြီး စစ်ရေးအရ ဖြေရှင်းရင် ကမ္ဘာလုံးဆိုင်ရာ ဘေးဒုက္ခ ကပ်ဘေးကြီး တခုဆီကို ဦးတည်သွားနိုင်တယ်လို့လည်း သမ္မတ ပူတင်က ပြောပါတယ်။ သံတမန်နည်းနဲ့ တွေ့ဆုံဆွေးနွေးတာကသာ တခုတည်းသော အဖြေလို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တောင်ကိုရီးယားဘက်ကလည်း လက်နက်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်နေ

တရုတ်နိုင်ငံ စီမင်းမှာ ကျင်းပခဲ့တဲ့ ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ ပါဝင် ဘရက်စ် အုပ်စု အဖွဲ့ဝင်နိုင်ငံတွေ အစည်းအဝေးမှာ ရုရှ သမ္မတ ပူတင်က အခုလို ဆိုခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း နှစ်ဖက်စလုံးကို ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုထားပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးစမ်းသပ်မှုကို ပြဿနာကြီးထွားစေတဲ့ လုပ်ရပ် အဖြစ် မစ္စတာ ပူတင်က ရှုတ်ချခဲ့ပေမယ့် တဖက်မှာလည်း ပိတ်ဆို့အရေးယူတာတွေကလည်း အကျိုးမဲ့ပြီး ထိရောက်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိုလည်း သမ္မတ ပူတင်က ထည့်သွင်း ပြောသွားခဲ့ပါတယ်။ မြောက်ကိုရီးယား အပေါ် ပြင်းပြင်းထန်ထန် ပိတ်ဆို့ အရေးယူလိုက်တာနဲ့ ပြည်သူ သန်းနဲ့ချီဟာ ခံစားရလိမ့်မယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် နီကီဟေလီကတော့ ပိတ်ဆို့အရေးယူတဲ့ နည်းလမ်းနဲ့သာ မြောက်ကိုရီးယားကို သံတမန် နည်းလမ်း စကားဝိုင်းတွေဆီ ခေါ်ဆောင်လာနိုင်မယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

ဂျာမန်အဓိပတိ အဲန်ဂလာမာခဲလ်ကလည်း မြောက်ကိုရီးယားရဲ့ နိုင်ငံတကာ ပဋိညာဉ်တွေကို ထင်ထင်ရှားရှား ချိုးဖောက်နေတာတွေအပေါ် တန်ပြန်ဖို့ရာ ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ အင်္ဂါနေ့မှာ ထောက်ခံ ပြောဆိုထားပါတယ်။