မြောက်ကိုရီးယား ဒုံးကျည် ပစ်ခတ်မှုကြောင့် စိုးရိမ့်မှု မြင့်တက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ရက်သတ္တပတ် နှစ်ပတ် အတွင်းမှာ ဒုတိယ အကြိမ်မြောက် ထပ်မံ စမ်းသပ် ပစ်ခတ်

မြောက်ကိုရီးယား နိုင်ငံက ဂျပန် ကိုကျော်လွန်ပြီး နောက်ထပ် ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုကို စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်း က လုပ်ခဲ့ ပါတယ်။ အဲဒါကြောင့် ဒေသတွင်း မှာ နျူကလီးယား အရေး စိုးရိမ်မှု တွေက ထပ်မံ မြင့်တက်လာခဲ့ပါတယ်။

ရက်သတ္တပတ် နှစ်ပတ် အတွင်းမှာ ဒုတိယ အကြိမ်မြောက် ထပ်မံ စမ်းသပ် ပစ်ခတ်ခဲ့တာပါ။

Image caption ဒုံးကျည် ရောက်ရှိမှု အကွာအဝေး

မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်း မြို့တော် နိုင်ငံတကာ လေဆိပ် နဲ့ ၂၄ ကီလိုမီတာ အကွာအဝေးမှာ ရှိတဲ့ ဆုနမ် အရပ် က ဒုံးကျည် ပစ်လွှတ် လိုက်တာ ဖြစ်ပါတယ်။

ဒုတိယ အကြိမ် စမ်းသပ်မှု မှာတော့ မိုင်ပေါင်း ၄၇၈ မိုင် အကွာ အဝေး အထိ ရောက်ရှိ ခဲ့ပြီး ဂျပန် ပိုင်နက် ဟိုကိုင်းဒို ပင်လယ် ထဲ အထိ ရောက်ရှိ ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ် က ပြောပါတယ်။

ပထမ အကြိမ် ပစ်ခတ် စမ်းသပ်မှု ထက် ကို ပိုမြင့်ပြိး ပိုဝေး တဲ့ အနေအထား ထိ ရောက်အောင် ပစ်ခတ် စမ်းသပ် ခဲ့တာ ဖြစ်ကြောင်း ဂျပန် ဘက် က ထုတ်ဖော် ပြောကြားပါတယ်။

ဒါ့အပြင် ဂျပန် အနေနဲ့ မြောက်ကိုရီးယား ရဲ့ အန္တရာယ် ရှိတဲ့ အကြိမ်ကြိမ် ရန်စ မှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ပြောကြား ပါတယ်။

မြောက်ကိုရီးယား နိုင်ငံဘက် က ဒုံးကျည် စမ်းသပ် ပစ်ခတ်မှု လုပ်ခဲ့တာကို တုန့်ပြန်တဲ့ အနေနဲ့ မိနစ်ပိုင်း အကြာမှာပဲ တောင်ကိုရီးယား နိုင်ငံ ဘက်က လည်း ဒုံးကျည် ၂စင်း ကို ပြန်လည် ပစ်လွှတ် ခဲ့ပါတယ်။

မြောက်ကိုရီးယား ရဲ့ လုပ်ရပ် ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆန် က ရှုတ်ချ ပစ်တင် လိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပဖို့ တောင်းဆိုလိုက်ပါတယ်။

ဂျပန် နဲ့ အမေရိကန် နိုင်ငံ တို့က တောင်းဆို ထားတဲ့ အရေးပေါ် အစည်း အဝေး ကို စက်တင်ဘာလ ၁၅ ရက်၊ သောကြာနေ့မှာ နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ တာလတ်ပစ် ဒုံးကျည် ကို စမ်းသပ် ပစ်လွှတ် ခဲ့တာလို့ လက်နက် ကျွမ်းကျင်သူ တွေက သုံးသပ် ထားပေမယ့် ဒါဟာ တိုက်ချင်းပစ် ဒုံးကျည် ကို ပစ်လွှတ် ခဲ့တာလို့ ဂျပန် ဘက် က ပြောကြား ထားပါတယ်။