လန်ဒန်ရထား ဗုံးကွဲမှုနဲ့ ဆက်စပ်ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Jack Taylor
တိုက်ခိုက်မှု ထပ်ဖြစ်နိုင်တယ်လို့ ဗြိတိသျှ အစိုးရ ယူဆ
မနေ့က လန်ဒန် မြေအောက်ရထားမှာ ဗုံးကွဲပြီးနောက် ၁၈ နှစ် အရွယ် လူငယ် တယောက်ကို ပြင်သစ်ကူးတဲ့ ဒိုဗာ ဆိပ်ကမ်းမှာ ဖမ်းဆီးလိုက်ပါတယ်။
အင်္ဂလန်အရှေ့ပိုင်း ဒိုဗာမြို့မှာ ကင့်ဒေသ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တာပါ။
ဒီလို ဖမ်းမိတဲ့ အတွက် ကျေနပ်အားရမိကြောင်း ရဲ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
ဒီလက်လုပ်ဗုံးက ကောင်းကောင်း မပေါက်ခဲ့ပေမယ့် ဒီကိစ္စကို အစ္စလာမ္မစ် အစွန်းရောက်နဲ့ ဆက်စပ်တယ်လို့ ရဲက ပြောပါတယ်။
ဗြိတိန် တလွှား အကြမ်းဖက် အတွက် အမြင့်ဆုံးထိ တပ်လှန့်ပြီး အရေးကြီးတဲ့ နေရာတွေမှာ စစ်သားနဲ့ရဲတွေ ချထားပါတယ်။
ဖမ်းဆီးရမိမှု ရှိပေမယ့် အကြမ်းဖက်မှုအတွက် ခြိမ်းခြောက်မှုတွေက ဆက်လက်ရှိနေဆဲ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ နေလ်းဘာဆူက ပြောပါတယ်။
ရထားပေါ်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၃ဝ လောက် ဒဏ်ရာရခဲ့ပါတယ်။
လူအများစုဟာ အသေးစားဒဏ်ရာတွေ ဖြစ်တဲ့အတွက် ဆေးရုံကနေ ဆင်းလာခဲ့ပြီ ဖြစ်ပြီး ၃ ဦးသာ ဆေးရုံမှာ ဆက်လက်ကျန်ရှိနေပါတယ်။
ဒီတိုက်ခိုက်မှုဟာ အိုင်အက်စ် အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်က ထုတ်ပြန်ထားပါတယ်။
စုံစမ်းစစ်ဆေးဆဲ ဖြစ်တဲ့အတွက် အသေးစိတ် ကိုတော့ ရဲတပ်ဖွဲ့က ပြောမပြနိုင်သေးဘူးလို့ ဆိုထားပါတယ်။
ဗြိတိန်နဲ့ ပြင်သစ် က အကြမ်းဖက် တိုက်ခိုက်မှုများ
ယူကေမှာ လုံခြုံရေး စိုးရိမ်ရတဲ့ အမြင့်ဆုံး အနေအထား တိုးမြှင့်ထား