ပဲရစ်သဘောတူမှုကို အမေရိကန် ပြန် ဆွေးနွေးမယ့် အရိပ်အယောင်တွေ တွေ့နေ

Image caption ဆွေးနွေးမှု မှန်သမျှ ထရမ့်ဘက်က လမ်းဖွင့်ထား

ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲနေမှု ပြဿနာကို ထိန်းချုပ် ကိုင်တွယ်ရေး နိုင်ငံတကာ သဘောတူမှုနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ ပြန်လည် ဆွေးနွေးလိုတဲ့ သဘောထားမျိုး ရှိနေတဲ့ လက္ခဏာတွေ တွေ့လာရပါတယ်။

ပဲရစ် သဘောတူမှုထံက အမေရိကန်ကို ဆွဲထုတ်ပစ်မယ် ဆိုတဲ့ သမ္မတ ထရမ့်ရဲ့ ကြွေးကြော်မှု ရှိနေပေမယ့်၊ နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆင်က ပဲရစ် သဘောတူမှုပါ အချက်အလက် တွေကို ညှိနှိုင်းယူလိုတဲ့ သဘောထားမျိုး ဖွင့်ဟလာတာ ဖြစ်ပါတယ်။

အမေရိကန် အတွက် မနစ်နာစေတဲ့ အချက်အလက်မျိုးတွေ ပါဝင်လာမယ် ဆိုရင် အိမ်ဖြူတော် အနေနဲ့ ပဲရစ် သဘောတူမှု အပေါ် ဆွေးနွေး ညှိနှိုင်း နိုင်တယ်လို့ ဝန်ကြီး တေလာဆင်က ပြောပါတယ်။

တခါ၊ ထရမ့်ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး အိတ်ချ် အာ မက္ကမာစတာကလည်း ရုပ်မြင်သံကြား မေးမြန်းခန်း တစ်ခုမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု မှန်သမျှကို ထရမ့်ဘက်က လမ်းဖွင့် ပေးထားတယ်လို့ ပြောခဲ့ပါတယ်။

ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ပတ်ဝန်းကျင် ဆိုင်ရာ ထိပ်သီး ညီလာခံမှာ အမေရိကန်ရဲ့ ရပ်တည်မှုနဲ့ မူဝါဒတွေ ပျော့ပြောင်းသွားတယ် ဆိုတဲ့ သုံးသပ်မှုတွေ အပေါ်မှာတော့ အိမ်ဖြူတော်က လောလောလတ်လတ်မှာပဲ ပယ်ချ ထားပါတယ်။