ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကန့်သတ်

Image caption ဘင်္ဂလားဒေ့ရှ်မြန်မာနယ် စပ်လုံခြုံရေး

မြန်မာပြည်ကနေ ထွက်ပြေး ရောက်ရှိလာတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက သွားလာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ နောက်ထပ် ကန့်သတ်မှုတွေ ထုတ်ပြန် လိုက်ပါတယ်။

ရိုဟင်ဂျာတွေဟာ ကော့စ်ဘဇားဒေသမှာ ဥခိဟနဲ့ တက်ခ်နပ်ခရိုင် အတွင်းပဲ နေထိုင်ရမှာ ဖြစ်ပြီး အပြင်ထွက်ရင် အဖမ်းခံရမယ်လို့ ရဲမင်းကြီး Shahidul Hoqueကပြောပါတယ်။ ရိုဟင်ဂျာ အများစုဟာ ဒီခရိုင်၂ခုမှာရှိတဲ့ တရားဝင်စခန်း၂ခု အပြင်ဘက်မှာ နေနေကြပါတယ်။ ကန့်သတ်နေရာ ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ကအခြားနေရာရောက် ဒုက္ခသည် ၂၀၀ကျော်ကို ဖမ်းပြီး ကော့စ်ဘဇာ ကိုပြန်ပို့ လိုက်တယ်လို့ ရဲမင်းကြီးကပြောပါတယ်။ စောစောပိုင်း ကလည်း တောစပ်မှာအိပ်နေတဲ့ ဒုက္ခသည်၂ယောက်ကို တောဆင်းနင်း လို့သေဆုံးခဲ့ပါတယ်။

ြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဖြစ်နေတဲ့ အရေးအခင်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့မှာ လူထောင်ပေါင်း များစွာတို့ ကန့်ကွက် ဆန္ဒပြ နေကြပါတယ်။ ဒီဆန္ဒပြပွဲကို Hefazat-e-Islamက ပြုလုပ်တာ ဖြစ်ပြီး ရဲလုံခြုံရေး ကြိုတင် ချထားရပါတယ်။

အိန္ဒိယရောက် ရိုဟင်ဂျာအရေး

အိန္ဒိယရောက် ရိုဟင်ဂျာတွေဟာ အခြားမှာရှိတဲ့ စစ်သွေးကြွ အုပ်စုတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ ဖေါ်ညွှန်းတဲ့ ထောက်လှမ်းရေး သတင်းတွေကြောင့် အဲဒီဒုက္ခသည်တွေဟာ နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ အိန္ဒိယ အစိုးရက တရားရုံးချုပ်ကို အကြောင်းကြား လိုက်ပါတယ်။

အိန္ဒိယနိုင်ငံထဲကို ရိုဟင်ဂျာတွေ တရားမဝင် ခိုးဝင်ဖို့အတွက် ပွဲစားဂိုဏ်းတွေ ကွန်ရက်တွေရှိတယ်လို့လည်း အစိုးရကရေးသားပေးပို့တဲ့စာထဲမှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂမှာ မှတ်ပုံတင်ထား သူတွေအပါအဝင် လွန်ခဲ့တဲ့၁၀နှစ်ကျော်က မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄သောင်းကို အိန္ဒိယ အစိုးရက ပြန်ပို့မယ့် အစီအစဉ်ကို တရားရုံးက ကြားနာစဉ် အခုစွပ်စွဲချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။